၂၅. ၁. ၂၀၂၃
Written By Thandar
သက်တန့်အိမ် ရုပ်ရှင်ထုတ်လုပ်ရေးက ဘဝအမောတွေ ခေတ္တပြေပျောက်သွားစေမယ့် ဟာသဇာတ်လမ်း “အင်္ဂလိပ်ကြက်ဖ ဘိုကြက်ဖ”ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် ဇန်နဝါရီ ၂၇ ရက်မှာ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ကားရဲ့ဇာတ်ဝင်ခန်းမှာတော့ ဆောင်းညရဲ့ အေးချမ်းမှုကို ဆောင်ကြဉ်းလာမှုနဲ့အတူ ရိုလင်ဒါတစ်ယောက် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပေမယ့် တွေးမိတိုင်း တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာနေတာတွေ့ကြရမှာပါ။ အထူးသဖြင့် ဖခင် မစ္စတာဘရိုင်ယန်ရဲ့ မျက်နှာကို မြင်ယောင်တိုင်း ရိုးတွင်းချဉ်ဆီအထိ ကြောက်လန့်တုန်လှုပ်နေပါတော့တယ်။ ချစ်သူဖြစ်တဲ့ ဂျိုဇိုင်းယာကို ဆက်သွယ်တော့ ရိုလင်ဒါကို လက်ထပ်မယ်လို့ ကတိပြုထားပါတယ်။
ဒီဇာတ်ကားမှာ အဓိကနေရာဖြစ်တဲ့ ရွာနာမည်ကတော့ မကျီးတောဆိုပေမယ့် မကျီးပင်တန်း ရှိတာ မရှိဘူးဆိုတာ မသိပါဘူး။ ဒီရွာမှာ ဘိန်းကင်းကစော် လှော်စားသောက်စားသူတွေကတော့ များပါတယ်။ မကျီးတောရွာမှာတော့ သူရဲကောင်းညီအစ်ကို သုံးယောက်ရှိတယ်။ တစ်ယောက်က အောင်ချိန်၊ မောင်စိန်နဲ့ ဖိုးပိန်တို့ပေါ့။ ကာရံနံဘေထပ်သလို အသွေးအသား ဆက်ထားသလို အနှီလုလင်ပျိုသုံးယောက်က တစ်ယောက်ကို တစ်ယောက်သေလောက်အောင် ချစ်ကြပါတယ်။ အောင်ချိန်ကတော့ ဘိန်းစား၊ မောင်စိန်က အရက်သမား၊ ဖိုးပိန်က ဖဲသမားဆိုတဲ့အတိုင်း သမားအရာမှာတော့ စံထားလောက်အောင် အာဂလူစွမ်းကောင်းတွေလို့ ပြောရမှာပါ။
ပျော်ပျော်ကြီး လူညွန့်တုံးနေတဲ့ သူရဲကောင်း သုံးယောက် ဝမ်းတထွာအရေးနဲ့ ရှူစရာ သောက်စရာ ရိုက်စရာ ငွေစ ကြေးစလေး ရွှင်လာတာနဲ့ ဘာအလုပ်မှ မယ်မယ်ရရမလုပ် ကိုယ်ပိုင်ဇာတ်ထုပ်နဲ့ မိုးတလင်း ကိုယ့်သီချင်း ကိုယ့်ဆို ကိုယ်လှေကိုယ်ထိုး ရိုးမကျော်ပြီး အမှောင်လောကမှာ ပျော်နေကြတာတွေကို တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားရဲ့ နိုင်ငံခြားသူလေး ရိုလင်ဒါနဲ့ ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ အောင်ချိန်၊ မောင်စိန်နဲ့ ဖိုးပိန်တို့ရဲ့ ဟာသဇာတ်လမ်းပုံစံ လူမှုဘဝ သရုပ်ဆောင်ဇာတ်လမ်းကို ပိတ်ကားပေါ်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒီကားက ကျေးလက်နေ မြန်မာလူမျိုးတွေရဲ့ ချစ်ခင်နှစ်သက်ဖွယ် အပြုအမူတွေ၊ လူမျိုးမတူ စရိုက်သဘာဝ မတူညီတတ်တဲ့အကြောင်း၊ ယဉ်ကျေးမူမတူညီရင် နှစ်ဦးနှစ်ဖက် ပြုမူဆက်ဆံရေးကွဲပြားတတ်တဲ့အကြောင်း၊ စစ်မှန်တဲ့ မေတ္တာတရားရဲ့ အနှစ်သာရတွေကို ဖော်ကျူးထားတဲ့ ဟာသနဲ့ လူမူဘဝသရုပ်ဖော် ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း နေခြည်အောင်သစ်က ရေးသားပြီးတော့ ဒါရိုက်တာ ခင်စောမျိုး (အနုပညာ)က အနုပညာရှင်တွေ ဖြစ်ကြတဲ့ အောင်ရဲလင်း၊ ပက်ထရစ်ရှာ၊ ခင်လှိုင်၊ အရိုင်း၊ ဌက်ပျောကြော် ဝင်းနိုင် (အနုပညာ)၊ တက္ကသိုလ် ဂွမ်းပုံ၊ ဘေဘီမောင်၊ မောင်းတော်ဝင်၊ စိုပြေ၊ မင်းလှိုင်၊ ရွှေအိုး၊ လူပုလေး၊ ကရင်မ၊ ကောင်းမြတ်သူ၊ မြင့်အောင်၊ ကြူကြူသင်း၊ ဆူဇီနိုက် ၊ ခင်ချောအောင်၊ ဒေါ်မေမဝင်း၊ မိုးမခတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“အင်္ဂလိပ်ကြက်ဖ ဘိုကြက်ဖ”ရုပ်ရှင် ဇာတ်ကားကိုတော့ ရန်ကုန်မြိုရှိ သမ္မတ၊ သွင်၊ Junction Group ရုပ်ရှင်ရုံတွေ၊ မင်္ဂလာအုပ်စုတွေဖြစ်တဲ့ (မြောက်ဥက္ကလာ၊ တာမွေ၊ တောင်ဒဂုံ၊ Top Royal)၊ Paradiso Group ရုပ်ရှင်ရုံတွေ၊ JCGV Group ရုပ်ရှင်ရုံတွေအပြင် မန္တလေးမြို့ရှိ ဝင်းလိုက်၊ မင်္ဂလာ မစိုးရိမ်၊ အောင်မြေသာဇံ၊ နန်းတော်ရှေ့၊ ပြည်ကြီးတံခွန်၊ နေပြည်တော်ရှိ JCGV၊ ဥတ္တသီရိ၊ ဇေယျာသီရိ ရုပ်ရှင်ရုံတွေစတဲ့ တိုင်းနဲ့ ပြည်နယ် တချို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံအသီးသီးမှာ ပြသမှာဖြစ်ပါတယ်။