October 23, 2024

NUG က လူ ၂၅,၀၀၀ ကျော် သတ်ဖြတ်ထားသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံထားပြီး SAC ကြောင့် ၂,၈၂၆ ဦး သေဆုံးထားသည်ဟု AAPP ပြော

၂၅.၁.၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း၌ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် ထိခိုက်သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို လေ့လာစောင့်ကြည့်နေသော Acleddata အဖွဲ့၏ သုတေသနဆိုင်ရာအချက်များတွင် ဖော်ပြထားသည်။

Acleddata(The Armed Conflict Location & Event Data Project (ACLED)) အဖွဲ့ က ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် နိုင်ငံရေးအကြမ်းဖက်မှုပေါင်း အနည်းဆုံး ၁၂၅,၇၀၀ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄၅,၀၀၀ ဦးထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအဖွဲ့၏အဆိုအရ ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများအနက် နိုင်ငံရေးအကြမ်းဖက်မှုပေါင်း ၃၄,၄၀၀ ဖြစ်ပွားခဲ့ပြီး ဆီးရီးယားနိုင်ငံတွင် ၁၀,၄၀၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်က နိုင်ငံရေးနှင့်ဆက်နွယ်ပြီးဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ၉,၃၀၀ ဖြစ်ပွားခဲ့ပြီးအနည်းဆုံး လူပေါင်း ၁၉,၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း Acleddata အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံရေးအကြမ်းဖက်မှုဆိုသည်မှာ နိုင်ငံရေးရည်ရွယ်ချက်ရရှိအောင် လုပ်ဆောင်သောအကြမ်းဖက်မှုမျိုးဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်ရရှိအောင် နိုင်ငံတစ်နိုင်ငံကအခြားတစ်နိုင်ငံအပေါ်ပြုလုပ်သော စစ်ပွဲ၊ လက်နက်ကိုင်အဖွဲ့က အခြားတစ်ဖွဲ့၊ အုပ်စုများပေါ် ပြုလုပ်သော အကြမ်းဖက်မှုများကို ရည်ရွယ်ခေါ်ဆိုခြင်းဖြစ်ကြောင်း Acleddata အဖွဲ့က သတ်မှတ်သည်။

၂၀၂၂ ခုနှစ်အအတွင်း ဖြစ်ပွားခဲ့သောနိုင်ငံရေးအကြမ်းဖက်မှု အားလုံး၏ ၉၅ ရာခိုင်နှုန်းက ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ပိုင်နက်ပေါင်း ၄၆ နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ကျန် ၅ ရာခိုင်နှုန်းက ကမ္ဘာတဝှမ်းရှိ နိုင်ငံနှင့် ပိုင်နက်ဒေသပေါင်း ၁၁၉ ခုတွင်ဖြစ်ပွားခဲ့ကြောင်းACLEDအဖွဲ့ကဆိုသည်။

အဆိုပါအဖွဲ့၏ ဖော်ပြချက်အရ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတဝှမ်း နိုင်ငံရေး အကြမ်းဖက်မှုအများဆုံးနိုင်ငံများ၏ ထိပ်ဆုံး ၅ နိုင်ငံထဲတွင် ယူကရိန်း၊ ဆီးရီးယား၊မြန်မာ၊ ဘရာဇီး၊ မက္ကဆီကိုတို့နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံရေးအကြမ်းဖက်မှုများနှင့်ဆက်နွယ်ပြီး ထိခိုက်သေဆုံးမှုအများဆုံး ၅ နိုင်ငံအနက် ယူကရိန်းတွင် ၂၈,၀၀၀ ကျော် သေဆုံးမှုဖြင့် ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ ၁၉,၀၀၀ ကျော် သေဆုံးမှုဖြင့် ဒုတိယနေရာတွင်ရှိနေကာ ၊ နိုင်ဂျီးရီးယားက ၁၀,၆၀၀ ကျော် ၊ မက္ကဆီကိုက ၇,၇၀၀ ကျော် ၊ ယီမင်က ၆,၇၀၀ ကျော် ပြည်သူသေဆုံးမှုများဖြင့် အစဥ်လိုက်ရပ်တည်နေကြောင်း ACLED အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ နှစ်နှစ်အတွင်း SAC နှင့် ဆက်နွှယ်နေသော လခရများ ၂၅,၀၀၀ ကျော် သတ်ဖြတ်ထားပြီးဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံထားသည်။ NUG သတ်ဖြတ်ထားသည့် လူ ၂၅,၀၀၀ ကျော်အနက် ၄,၀၀၀ ကျော် ၄,၁၀၀ ခန့်မှာ ရဟန်း၊ သံဃာများ၊ ဝန်ထမ်းများ၊ ရပ်ကျေးအဖွဲ့ဝင်များနှင့် သာမန်ပြည်သူများသာဖြစ်ကြောင်းလည်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။ ထို့အတူ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက်အထိ SAC ကြောင့် ပြည်သူ ၂,၈၂၆ ဦး သေဆုံးထားသည်ဟုလည်း AAPP အဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ ကိန်းဂဏန်းများအရ NUG နှင့် PDF များက ပြည်သူများကို သတ်ဖြတ်မှု ဆယ်ဆခန့် ပိုမိုများပြားနေသည်ကို တွေ့ရသည်။

ref- acleddata

Leave a Reply

Your email address will not be published. Required fields are marked *