October 23, 2024

၂၅. ၁. ၂၀၂၃
Written By Thandar

ပန်းချီဆရာကြီး နေဆန်း(မန္တလေး)”ရဲ့ ” NAY SUN’S ILLUSION” လို့အမည်ရတဲ့ ပန်းချီပြပွဲ ဖွင့်ပွဲနေ့မှာပဲ ပန်းချီကား ၂၁ ကားတိတိ ရောင်းထွက်သွားလို့ ပီတိဖြစ်ရပါတယ်လို့ M T News Entertainment ကို ပြောပါတယ်။

ဒီပန်းချီပြပွဲမှာတော့ ဆရာကြီးရဲ့ပန်းချီကား ၁၁၀ ကို ခင်းကျင်းပြသထားပြီး ဖွင့်ဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကနေ ၂၇ ရက် အထိ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ Artistic Space Art Gallery မှာ ပြသနေပါတယ်။

“အရင်ကတော့ ဆရာကြီးက Yangon Gallery မှာ ၉ နှစ်ဆက်တိုက် ဒီပန်းချီကားတွေကို ပြသခဲ့ပြီး ကိုဗစ်ကာလကြောင့် ပန်းချီတွေ ဆက်မပြနိုင်ခဲ့ဘူး။ ဆရာ့ရဲ့ကျန်းမာရေးက မကောင်းတာကြောင့် ကျွန်တော်က ပန်းချီကားတွေကို စုဆောင်းထားတာပါ။ ဆရာကြီးရဲ့ မန္တလေးအငွေ့အသက်အပြည့်ပါတဲ့ ပန်းချီကားတွေကို ပြန်လည်မျှဝေချင်တာမို့ ပြပွဲလုပ်ဖြစ်တာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ ဆရာ့ရဲ့မိတ်ဆွေတွေက သူတို့စုဆောင်းထားတဲ့ ပန်းချီကားတွေနဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့လေးမှာလည်း မန္တလေးမှာ ပြသမှုလေးလုပ်ဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ပန်းချီပြခန်းအဖွင့်နေ့မှာပဲ ပန်းချီကား ၂၁ ကားရောင်းရတော့ ကျေနပ်ပီတိဖြစ်ရပါတယ်။ အဓိက,ကတော့ ရောင်းရတာ၊ မရောင်းရတာက သပ်သပ်ပါ။ ဆရာကြီးကလည်း ကျန်းမာရေးသိပ်မကောင်းတော့လေ။ နောက်ထပ်ပြနိုင်ဖို့အတွက် အခြေအနေက နည်းပါးချိန်မှာ ကျွန်တော်ပြသခွင့်ရတာပါ။ အဓိကတော့ ဆရာကြီးရဲ့ ပန်းချီအနုပညာသက်တမ်း (နှစ်ပေါင်း ၅၀) ကျော်လုံး ကြိုးစားရင်းနှီး တည်ဆောက်ခဲ့တဲ့ သွေးတွေ၊ ချွေးတွေ၊ အတွေးအခေါ်တွေ၊ နှလုံးသားအရင်းအနှီးတွေ အများကြီးပါဝင်တဲ့ ပန်းချီကားတွေကို လာရောက်ကြည့်ရှုခံစားစေချင်တာပါ”လို့ ပန်းချီပြပွဲ စီစဥ်သူ ဦးစိုးလွင် ( New Sky Art Gallery Min Gun)က ပြောပါတယ်။

သူ့ကတော့ ဆရာကြီးနေဆန်းရဲ့ ပန်းချီကားတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက စုဆောင်းထားခဲ့သူလို့လည်း သိရပါတယ်။ မန္တလေးကို သိပ်ချစ်ပြီး သူရေးထိုးတဲ့ လက်မှတ်ရဲ့နောက်မှာ MANDALAY ဆိုတဲ့ စာလုံးကို အမြဲတမ်းထည့်ရေးလေ့ရှိတဲ့ ဆရာကြီးရဲ့ မန္တလေးအငွေ့အသက်အပြည့်ပါသလို အနုပညာမှော်ဝင်တဲ့ Acrylic ပန်းချီကားတွေကိုတော့ ကျပ် ၅ သိန်းကနေ ကျပ်သိန်း ၂၀ အထိ သတ်မှတ်ပြီးတော့ ရောင်းချပေးလျက် ရှိပါတယ်။

ဦးနေဆန်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က နတ်မောက်မြို့မှာမွေးဖွားခဲ့ရာကနေ အထက်တန်းကျောင်းပြီးတော့ မန္တလေးကို ရွေ့ပြောင်းခဲ့ပြီး အနုပညာကျောင်းမှာ ပညာသင်ကြားခဲ့သူလို့ သိရပါတယ်။ ကွယ်လွန်သူ ဦးစိုးမောင် ၊ ဦးဘသိန်း ၊ ဦးချစ်မြစတဲ့ အနုပညာရှင်တွေရဲ့လက်အောက် ပညာသင်ကြားခဲ့ပြီးတော့ ဦးကံညွန့်နဲ့ ဦးအေးကျော်လေးတို့ဆီမှာက ၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ သင်ယူခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီးက မဂ္ဂဇင်းနဲ့ စာအုပ်တွေအတွက်လည်း သရုပ်ဖော်မှုတွေ ရေးဆွဲပေးခဲ့သလို မန္တလေးမြို့က ပန်းချီပြပွဲတစ်ချို့မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆရာကြီးက လက်ရှိ အမရပူရမှာ နေထိုင်ပြီးတော့ အမရပူရမြို့နယ် အနုသုခုမအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *