October 23, 2024

ရွာသာကြီး Dry Port တွင် ရောက်ရှိနေသည့် လျှပ်စစ်ကားများအား တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ်

၂၅. ၁. ၂၀၂၃
Written by Ye Kyaw

လျှပ်စစ်ကားများတင်သွင်းရန် လျှောက်ထားခဲ့သည့် ကုမ္ပဏီ ၂၆ ခုအနက် ကုမ္ပဏီနှစ်ခုကို တင်သွင်းခွင့်ပြုခဲ့ပြီး လက်ရှိတွင် အဆိုပါကုမ္ပဏီနှစ်ခုမှ လျှပ်စစ်ကားအရေအတွက် အစီး ၄၀ ကို ပထမဦးဆုံးတင်သွင်းခဲ့ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦးဆောင်ကော်မတီသို လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့် အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co.,Ltd. နှင့် NPK Motors Co.,Ltd. တို့မှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင် ပထမအကြိမ် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီး Dry Port တွင် Chin Dwin Shan Construction Co.,Ltd.မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဥ် အစီး ၃၀ နှင့် NPK Motors Co.,Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဥ် ၁၀ စီး စုစုပေါင်း အစီး ၄၀ တို့ ရောက်ရှိနေပြီဖြစ်သည်။

ဇန်နဝါရီ ၂၄ ရက်တွင် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်‌ ကော်မတီငါးရပ်မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ရွာသာကြီး Dry Port တွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဥ်များသည် လျှပ်စစ်ယာဥ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါ ဖော်ပြချက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆးမှုပြုလုပ်၍ ယာဥ်များထုတ်ယူသည့် လုပ်ငန်းစဥ်များကို စစ်ဆေးခဲ့သည်။

ယခုရောက်ရှိလာသည့် ယာဥ်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစားများ E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည့် လျှပ်စစ်သုံးယာဥ်များဖြစ်သည်။ ကနဦးအနေဖြင့် ရန်ကုန်လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး၊ နေပြည်တော် သပြေကုန်ဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်မြိုနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် EV ယာဉ်များအတွက် Charger များတပ်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *