October 23, 2024

ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် နေ့ရော၊ ညပါ တန်းစီနေသူ မြန်မာများနှင့် NUG မှ ယာယီသမ္မတ၊ ပြည်ထဲရေးဝန်ကြီး နေရာယူထားသူများ တွေ့ရစဥ်

◾️ NUG သာ အစွမ်းထက်မည်ဆိုပါက နိုင်ငံတကာ အသိအမှတ်ပြု Passport ကို လုပ်နိုင်ရမည်ဟု နိုင်ငံရေးလေ့လာသူအချို့ ပြော

၂၅. ၁.၂၀၂၃
Written By Myo Khine

ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများစွာက အသိအမှတ်ပြုသည်ဆိုသည့် NUG သာ အမှန်တကယ် အသိအမှတ်ပြုခံရ၊ အစွမ်းထက်မည်ဆိုပါက နိုင်ငံတကာ အသိအမှတ်ပြု Passport ကို လုပ်နိုင်ရမည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဖြစ်လာမည်ဆိုပါက တရားဝင်တက်လာသော သမ္မတတစ်ဦးအပေါ် လေးစားရမည့်အခြေအနေကို အနောက်နိုင်ငံများက စိုးထိတ်နေသည်။ ထို့ကြောင့် အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ဖြစ်မည်ကို ကြောက်ရွံ့ထိတ်လန့်နေကြသည့် ပုံစံဖြစ်နေကြသဖြင့် ရွေးကောက်ပွဲကို တစ်နည်းနည်းဖြင့် ဖျက်ဆီးရန် ကြံရွယ်နေကြသည့်အထဲတွင် ပြည်ပနိုင်ငံသို့ ထွက်ခွာသူများ၊ Passport လုပ်ငန်းစဥ်များနှင့်လည်း ပတ်သက်နေကြောင်း ယင်းလေ့လာသူများက သုံးသပ်နေကြသည်။

“အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေကလည်း ဒီရွေးကောက်ပွဲ ဖြစ်မှာကို အနည်းငယ် စိုးရွံ့ထိတ်လန့်နေပုံရတယ်။ ဘာဖြစ်လိုလဲဆိုတော့ မြန်မာဟာ ကမ္ဘာ့ရွာကြီးထဲမှာရှိတဲ့ နိုင်ငံတစ်ခုပဲလေ။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဆိုရင် ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရရဲ့ Legitimate ဖြစ်မှုက အခုလက်ရှိ နစကထက် အများကြီး မြင့်သွားပြီ။ Legitimately အများကြီး ဖြစ်သွားပြီ။ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၀ ခွန်း ပြောတာက နောက်တက်လာမယ့် အစိုးရရဲ့ သမ္မတကြီးတစ်ယောက်ယောက်ရဲ့ စကားကတစ်ခွန်းပဲ ပြောရမယ်။ အဲဒီတော့ အမေရိကန်နဲ့ အနောက်ဥရောပက လူတွေက ဒီရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ရမယ်။ မပျက်ဘူး။ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆိုရင် ဘာလုပ်မလဲ။ပြည်ပနိုင်ငံတွေဖြစ်တဲ့ ပြည်တွင်းရဲ့ အပြင်မှာ ကြိုတင်မဲတွေနဲ့ မနိုင်နိုင်အောင် ငါတို့ လုပ်ပစ်မယ်။ အဲဒီလိုဆိုရင် ဒီကလည်း Passport တွေ မလုပ်ပေးဘူး။ Passport ရုံးတွေ ပိတ်ဆို့တာမျိုးတွေ လုပ်လို့ရတာပေါ့။ ဒီလိုပဲ ယူဆရတယ်။ အခုလည်း Passport ရုံးတွေကို ပိတ်ထားတယ်လေ။ NUG သာ အစွမ်းထက်မယ်ဆိုလို့ရှိရင် ငါတို့ ထုတ်ပေးတဲ့ Passport တွေနဲ့ ကမ္ဘာကလက်ခံရမယ်ဆိုတာကို လုပ်နိုင်ရမယ်လေ။ မဟုတ်ဘူးလား” ဟု မြန်မာ့နိုင်ငံရေးကို လေ့လာနေသူတစ်ဦးက ပြောသည်။

မကြာသေးမီက နိုင်ငံကူးလက်မှတ်များပြုလုပ်ပေးခြင်းကို နစကအနေဖြင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီးနောက် နစက ဆန့်ကျင်ဖက် မီဒီယာများက Passport မလုပ်နိုင်သည့်အပေါ် အမျိုးမျိုးဝေဖန်ပြစ်တင်ရေးသားမှုများလည်း ရှိလာကြသည်ကိုတွေ့ရသည်။

သို့သော်လည်း နိုင်ငံကူးလက်မှတ်များပြုလုပ်ပေးခြင်းကို ရပ်ဆိုင်းထားသည့်အတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် တရားမဝင် ဈေးကွက်ကြီးလာနိုင်ကြောင်းလည်း ပြည်ပအလုပ်အကိုင် လုပ်ကိုင်နေသူများက ဆိုကြပြန်သည်။

“နိုင်ငံကူးလက်မှတ်လုပ်တာကို ဇန်နဝါရီ ၁၇ ရက်မှာ ယာယီရပ်တာဖြစ်ပြီး ဘယ်ကာလအထိဆိုတာ မပါဘူး။ ဒီလိုလုပ်တဲ့အတွက် ပြည်ပကို ထွက်ခွာမယ့်သူတွေ အခက်အခဲဖြစ်မယ်။ Black လုပ်ကြတဲ့ ဈေးတွေတက်မယ်။ မှောင်ခိုလုပ်တာတွေ ပိုများလာမယ်။ ဒါက ဘာလို့ လုပ်တာလဲဆိုတော့ နိုင်ငံခြားကို ထွက်တဲ့သူများနေလို ထိန်းချုပ်တဲ့ သဘောလည်းပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ထိန်းချုပ်လို့မရဘူးလေ။ ကျန်းမာရေးကိစ္စ မဖြစ်မနေ သွားမယ့်သူတွေက မလုပ်လို့မှမရတာ။ တခြား အလုပ်သွားလုပ်မယ့်သူတွေကလည်း အောက်လမ်းက သွားကြတာတွေ များလာမယ်။ အဓိက ထိုင်းနိုင်ငံကို သွားတာများတယ်။ လေကြောင်းလိုင်းက သွားမယ့်သူတွေက ခက်တာပေါ့။ ပြည်ပကို တရားဝင်ထွက်ခွာမယ့် လုပ်သားတွေ ပြည်ပကိုရောက်ရင် သူတို့တစ်ခုခု ဆိုရင်လည်း သက်ဆိုင်ရာအလုပ်သမားသံအရာရှိရုံးကို အကူအညီတောင်းလို့ရတယ်။ အေဂျင်စီကို တောင်းလို့ရတယ်။ သံရုံးတွေကို တောင်းလို့ရတယ်။ တရားဝင် အစောင့်အရှောက်ရတယ်လေ။ တရားမဝင်သွားတဲ့လူတွေကျတော့ အလုပ်ရှင်က ကောင်းတဲ့အလုပ်ရှင်နဲ့ မကောင်းတဲ့အလုပ်ရှင်ရှိတဲ့အခါကျတော့ တစ်ခုခုဆိုရင် တောင်းဆိုမယ့်ကိစ္စတွေမှာ အခက်အခဲရှိတာပေါ့။ Passport လုပ်တာတွေကို ယာယီရပ်တာက မကြာခဏလုပ်တယ်။ ရက်ပိုင်းပဲ ကြာတယ်။ ပြန်ဖွင့်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ကြာလိမ့်မယ်နဲ့တူတယ်”ဟု အမည်မဖော်လိုသော ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းများကိုပါ ပြုလုပ်ပေးနေရသော ကုမ္ပဏီ (၁၄၉) ခုရှိသည့်အနက် ကုမ္ပဏီ ၁၀၅ ခုကို Blacklist စာရင်းသွင်းခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ ပြုလုပ်ရခြင်းမှာ နိုင်ငံရေးကိစ္စနှင့် ပတ်သက်နေသူများအား နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်းများ ရှိနေသည့်အတွက်ကြောင့်ဟု သိရှိရကြောင်း အဆိုပါ အမည်မဖော်လိုသော ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“မြဝတီမှာ ယာယီ Passport ရုံးရှိတယ်။ အဲဒီမှာ ပြည်ပထွက်ခွာမယ့်လုပ်သားတွေကို ခွဲတမ်းနဲ့ တစ်ပတ်ကို ဘယ်နှစ်ယောက်ဆိုတာ လုပ်ပေးတာ ရှိတယ်လေ။ ကုမ္ပဏီအလိုက် ပြည်ပထွက်ခွာမယ့် လုပ်သားတွေကိုလေ။ ဒါပေမဲ့ တချို့သောအေဂျင်စီတွေက မြဝတီမှာ စာအုပ်သွားလုပ်ကြတယ်။ လုပ်ကြတော့ သူက တစ်ရက်ကို ၃ ယောက်၊ တစ်ပတ် တစ်ယောက် နှုန်း အမျိုးမျိုး ခွဲတမ်းပေးတယ်။ တော်တော်များများက သွားလုပ်ကြတာ။ကုမ္ပဏီ ၁၄၉ ခု ရှိတယ်။ အဲဒီထဲမှာ ၁၃၃ ခုက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဖြစ်နေတယ်။အဲဒီ ၁၃၃ ခုထဲက မှ ၁၀၅ ခုက ထိုင်းနိုင်ငံကို ပို့ဖို့ လိုင်စင်သီးသန့် တင်ထားတဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ အဲဒါတွေကို ပြည်ထဲရေးက Blacklist သတ်မှတ်ပြီးတော့ Passport လုပ်ခွင့်ကို ရပ်ဆိုင်းလိုက်တာပေါ့နော်။ ဘာဖြစ်လို အဲဒီလို Blacklist လုပ်လိုက်လဲဆိုတော့ အဲဒီ Passport လုပ်တဲ့ သူတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ ပါသွားတယ်တဲ့။ အဲဒါကို အခု စ သုံးလုံးက စိစစ်နေတယ်”ဟု ယင်းကပြောသည်။

ယခုအခါပြည်တွင်း၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ရပ်နားထားသည့်အတွက် ပြည်ပသို့ ထွက်ခွာမည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းကတစ်ဆင့် ထွက်ခွာနေကြကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံအတွင်း အဖမ်းခံရမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *