October 23, 2024

MT News

Written by Nay Moe

၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း NUG/PDF များနှင့် KIA ပူးပေါင်းအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်း ၂၂ ရွာနှင့် မီးလောင်မှု ၂၃ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၁၁၂၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မီးရှို့ခံရသည့်ဖြစ်စဉ်များအား စိစစ်ဖော်ထုတ်ခဲ့ရာ မျက်မြင်ကိုယ်တွေ့ ဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာပြည်သူများ၏ ပြောကြားချက်များအရ NUG၊ PDF၊ KIA အဖွဲ့ဝင်များသည် ၎င်းတို့ကို မထောက်ခံသည့်ကျေးရွာများ၊ ဆက်ကြေးမပေးသည့်ကျေးရွာများနှင့် ၎င်းတို့၏ အန္တရာယ်ကိုကာကွယ်ရန် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများကို အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်ပါ၍ နှိမ်နင်းမှုများ မဆောင်ရွက်နိုင်စေရန် ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် လူနေအိမ်များအား မီးရှို့ထွက်ပြေးခြင်းဖြစ်ကြောင်းနှင့် ကျေးရွာနေပြည်သူများအား မောင်းထုတ်ကာ ၎င်းတို့မရှိချိန် မီးရှို့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့လေဟန် မဟုတ်မမှန်လုပ်ကြံပြီး ရွာသားများကို အသိပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“မနက်ပိုင်းမှာ PDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ရွာထဲဝင်ပြီးမှ PDF တွေက အိမ်အလုံး ၃၀ လောက် မီးရှို့သွားတယ်။ ကျွန်တော်တို့ရွာသားတွေ မီးထွက်မငြှိမ်းရဲလို့ မငြှိမ်းရပါဘူး” ဟု စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မင်းလယ်ကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

ထိုမီးရှို့မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး BBC ၊ VOA၊ RFA ၊ Irrawaddy၊ Mizzima ၊ Myanmar Now၊ Khit Thit၊ DVB အစရှိသည့် မီဒီယာများနှင့် အစိုးရကို ဆန့်ကျင်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လေဟန် ပုံဖျက်ထုတ်လွှင့်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်ဟုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသည်။

“သူတို့တွေ အဝင်အထွက်တော့ရှိတာပဲ။ ယူနီဖောင်းတွေနဲ့ ဘာတွေလဲတော့ မသိဘူး။ ၄၀၊ ၅၀ လောက်ပဲ။ အရပ်ဝတ်တွေရော၊ ပြောက်ကျားအစိမ်းတွေနဲ့ရော။ ကျွန်တော့်အိမ်ကို အဲဒီကောင်တွေပဲ မီးရှို့သွားတာ။ ပြောက်ကျားအစိမ်းတွေနဲ့ ဘာတွေလဲတော့မသိဘူး။ PDF တွေလား KIA တွေလားမသိဘူး။ မြင်လိုက်တယ်” ဟု KIA နှင့် PDF ပူးပေါင်းအဖွဲ့များက နေအိမ်မီးရှို့ခံရသည့် ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

အဆိုပါ လုပ်ရပ်များမှာ ရိုးသားသည့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားကာ နာကျည်းစိတ်များဖြစ်ပေါ်လာစေရေး၊ ၎င်းတို့ကို ထောက်ခံအားပေးမှုရရှိလာစေရေး လိမ်ညာလုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်နိုင်ရန်အတွက် အပြစ်မဲ့ပြည်သူများ၏ အိုး၊ အိမ်၊ စည်းစိမ်ပစ္စည်းဥစ္စာများကို ရက်စက်စွာဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသည်။

“PDF တွေက ရွာထဲကနေဖြတ်သွားပြီး ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ။ မနက်အစောကြီးက မီးရှို့သွားတာ။ ကျွန်တော့်အိမ်တင်မဟုတ်ဘူး၊ ဘေးကအိမ်တွေပါ မီးရှို့သွားတာပါ။ PDF တွေ ၂၀၊ ၃၀ လောက်ရှိမယ်။ ကျွန်တော့်မျက်စိနဲ့ မြင်လိုက်တယ်။ ယူနီဖောင်းတွေနဲ့ပါ။ တချို့ကလည်း အရပ်ဝတ်တွေနဲ့ပါ။ ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ။ ကလေးတွေတောင် လယ်တောထဲမှာပါ”ဟု ဆူးပုတ်ကုန်းကျေးရွာမှရွာသားတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *