၂၅. ၁. ၂၀၂၃
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းတွင် မြောက်ဒဂုံမြို့နယ်၌ လူနေနှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့၍ သူနာပြုဆရာမတစ်ဦးအပါအဝင် လူလေးဦး မီးလောင်အိမ်အတွင်း ပိတ်မိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင် (၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီသတ်စခန်းမှ Level 1 အဆင့် မီးသတ်ယာဥ်အုပ်စုများဖြင့် ငြှိမ်းသတ်ခဲ့ပြီး နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
“ကျားတစ်ဦး၊ မ သုံးဦး သေဆုံး။ မတစ်ဦးမှာ သူနာပြုဆရာမလေးဟု သိရပါတယ်။ မီးလောင်အိမ်အတွင်း ပိတ်မိပြီး သေဆုံးရတာပါ” ဟု အဆိုပါမီးလောင်မှုသို့ သွားရောက်ကူညီခဲ့သည့် Medical လူငယ်များ ပရဟိတအသင်းမှ ပြောသည်။
နံနက် ၅ နာရီခွဲအချိန်တွင် မီးသတ်တပ်ဖွဲများ၊ လာရောက်ကူညီခဲ့ကြသည့် ပရဟိတအသင်းများ မီးလောင်ခဲ့သည့်နေရာမှ ပြန်လည်ထွက်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုပမာဏကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ။ မေတ္တာအလင်းပရဟိတအသင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့