အော်စကာဆုပေးပွဲမှာ အာရှလူမျိုး သရုပ်ဆောင်
၄ ဦးအထိ ဆန်ကာတင်စာရင်း ပါဝင်
၂၅. ၁. ၂၀၂၃
Written by Pan Ei
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းတွေကို ဇန်နဝါရီ၂၄ ရက် ညက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါစာရင်းမှာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ဗီယက်နမ်မိဘတွေကမွေးဖွားခဲ့တဲ့ မင်းသမီး Hong Chau အပါ အဝင် ထူးထူးခြားခြား ပထမဆုံးအနေနဲ့ အာရှလူမျိုး သရုပ်ဆောင် ၄ ဦးအထိ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးအော်လန်မြို့ကို မပြောင်းရွှေ့ခင် ၁၉၇၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက ထွက်ပြေးပြီး ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ ဗီယက်နမ်မိဘတွေက မွေးဖွားခဲ့တဲ့ အမေရိကန်မင်းသမီး Hong Chau ဟာ “The Whale” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ကျောင်းသားတွေနဲ့ပဲ အထီးကျန်နေတဲ့ အင်္ဂလိပ်ဆရာတစ်ယောက်ဟာ သူ့ဆယ်ကျော်သက်သမီးနဲ့ ပြန်သင့်မြတ်အောင်ကြိုးစားပုံတွေကို ရိုက်ကူးထားတဲ့ “The Whale” ဇာတ်ကားမှာ Hong Chau က သူနာပြုတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးထားပြီး ဇာတ်ကားထွက်ရှိပြီးကတည်းက သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးခံရတာတွေလည်း ရှိခဲ့ပါတယ်။
အာရှသရုပ်ဆောင်တွေနဲ့ အဓိကရိုက်ကူးထားတဲ့ “Everything Everywhere All at once” ဇာတ်ကားနဲ့ မကြာသေးမီက ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ မင်းသမီး Michelle Yeoh က အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု၊ မင်းသား Ke Huy Quan က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုနဲ့ မင်းသမီး Stephanie Hsu က အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုတို့အတွက် အသီးသီး ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲဲကြပါတယ်။
ဒါ့အပြင် “Everything Everywhere All at once” ဇာတ်ကားဟာ အကောင်းဆုံးဒါရိုက်တာဆု အပါအဝင် ဆန်ကာတင်စာရင်းမှာ စုစုပေါင်း ၁၁ နေရာနဲ့ ထိပ်ဆုံးမှာ ရပ်တည်လျှက် ရှိနေပါတယ်။
၂၀၂၁ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို “Minari” ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် မင်းသမီး Youn Yuh-jung ပြီးနောက် လက်ရှိအသက် ၆၀ ဖြစ်တဲ့ မင်းသမီး Michelle Yeoh က အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဒုတိယမြောက် အသက်အကြီးဆုံး အာရှသရုပ်ဆောင်လည်း ဖြစ်ပါတယ်။
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမယ့် မတ်လ ၂၁ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Dolby Theatre မှာ ကျင်းပမှာဖြစ်ပြီး ဘယ်သူတွေက ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားမလဲဆိုတာသိရဖို့ ပရိသတ်တွေက စောင့်မျှော်နေကြမှာ အသေအချာပါပဲ။
Ref; Variety, Wikipedia