
၂၈. ၄. ၂၀၂၅
Written by Nay Moe
ထားဝယ်မြို့နယ်တွင် ထိုးစစ်ဆင်နေသည့် PDF များ ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးဗုံးသီးကျည်က ဇဟာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် လူသုံးဦးသေဆုံးပြီး ရဟန်းနှစ်ပါး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာသို့ PDF က အများပြည်သူ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ ဇဟာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးစန္ဒာသီရိ(၅၇)နှစ်၊ ဝါတော် (၃၆)ဝါ၊ ဦးပုည(၇၅)နှစ်၊ ဝါတော် (၄၀)ဝါတို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးမျိုးကျော် (၄၅)နှစ်နှင့် ဒေါ်လေးလေး(ခ)ဒေါ်ဆွေဇင်အောင်(၄၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အပြင် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မကြီးပင်တဲကျေးရွာသို့ အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်တင်နုရီ (၅၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်ရပ်များနည်းတူ ထိုနေ့ ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သံဃာတော်တစ်ပါး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရှမ်းကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ ကမ္ဘောဇဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးဓမ္မစာရ(ခ)ဦးမျိုးလွင် (၅၁)နှစ်၊ ဝါတော် (၁၄)ဝါတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။