



၂၈. ၄. ၂၀၂၅
Written by Thettant
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် မန္တလေးငလျင်ဘေးကြီးကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရသည့် ရဟန်းသံဃာ၊ သာမဏေ၊ သီလရှင်များနှင့် ပြည်သူများအတွက် တစ်လပြည့် ဆုတောင်းကုသိုလ်ပြု အမျှအတန်းပေးဝေသည့် အကျွတ်အလွတ်ပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကိုင်းမြို့ရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ကျင်းပနေပြီဖြစ်သည်။
မန္တလေးငလျင်ကြီးဘေးကြောင့် ကွယ်လွန်သူများတစ်လပြည့်ကို ရည်စူးသည့် ဆုတောင်းကုသိုလ်ပြုပွဲကို ၁၅ ဘွဲ့ရ ဟိဓရဆရာတော် ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီးအပါအဝင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ တက်ရောက်ကုသိုလ်ပြု အမျှအတန်းပေးဝေသည့် အစီအစဥ် ဆက်လက်ပြုလုပ်နေကြပြီး ယနေ့နံနက် ၇ နာရီခွဲအချိန်ကလည်း ဆွမ်းဦးပုညရှင်စေတီတော် ကားရင်ပြင်တွင် ပင့်သံဃာအပါး ၅၀ နှင့် သီလရှင်အပါး ၅၀ တို့ကို လှူဖွယ်ဝတ္တုများ လောင်းလှူခဲ့ကြောင်း သိရသည်။




ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စရောက်သွားကြသော သံဃာတော်၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များနှင့် (၃၁) ဘုံသားတို့အား ရည်စူးကာ ယနေ့ တစ်လပြည့် ဆုတောင်းကုသိုလ်ပြုမှုအဖြစ် နိုင်ငံတစ်ဝန်းရှိ အများပြည်သူအနေဖြင့်လည်း မိမိနေအိမ်၊ ဘုရားစေတီများသို့ သွားရောက်ကာ ငလျင်ဘေးကြောင့် ကွယ်လွန်တိမ်းပါးရသူများအတွက် ရည်စူးကုသိုလ်ပြု အမျှအတန်း ပေးဝေပေးစေလိုကြောင်းလည်း ဦးဆောင်ဆရာတော်များက မေတ္တာရပ်ခံထားသည်။
ဟိတဓရဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုအရ ကျင်းပနေသည့် ငလျင်ဘေး တစ်လပြည့်အမျှဝေကုသိုလ်ပြုပွဲကြီးသို့ မိုးကောင်းဆရာတော်ဘုရားကြီး (ဟင်္သာတ)၊ အင်းစိန်(ရွာမ) ဆရာတော်ဘုရားကြီး၊သီတဂူဆရာတော်ဘုရားကြီး၊ မြစေတီ ဆရာတော်ဘုရားကြီး(မော်လမြိုင်)၊ မြကျောက်ဆရာတော်ဘုရားကြီး(ရန်ကင်းတောင်)၊ မြနန်းဆရာတော်ဘုရားကြီး (မော်လမြိုင်)၊ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ဆရာတော် ဒေါက်တာ ဗုဒ္ဓပီယ(အနော်ရထာဖောင်ဒေးရှင်း)၊ ဆရာတော် အရှင်ကေသရ(ပါမောက္ခချုပ်ဆရာတော်- မန္တလေးသံဃာတက္ကသိုလ်)၊ ဟိတဓရ ဆရာတော်၊ ရွှေဆံပင် ဆရာတော်၊ ရွှေဆံနွယ် ဆရာတော်၊ ဒေါက်တာ အရှင်အဂ္ဂဇေယျ(ရွှေမိုးမြေ) အစရှိသော ဆရာတော်ဘုရားကြီးများ ကိုယ်တိုင်ကြွရောက်၍ ကြွရောက်လာသော ဆရာတော်ဘုရားကြီးများအားဆွမ်းကပ်လှူဒါန်းပြီး စစ်ကိုင်းမြို့၊ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီးတွင် စုပေါင်းကုသိုလ်ပြု အမျှအတမ်းပေးဝေကြမည်ဖြစ်ကာ ညနေ ၃ နာရီမှစ၍ လူပေါင်း ၂၀၀၀ အား ဇေယျာစာသင်ကျောင်းဘောလုံးကွင်းတွင် စတုဒိသာအလှူပွဲ ဆက်လက်ပြုလုပ်မည်ဟုလည်း ဆွမ်းအလှူရှင် ဒေါ်အေသင်ကိုက မျှဝေကုသိုလ်ပြုထားသည်။ (ဓာတ်ပုံ – အရှင် သုနန္ဒ)