
၂၇. ၄. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်း၍ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်တည်ဆောက်မည့် ကုလသမဂ္ဂ၏ အဆိုပြုမှုကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မူအားဖြင့် သဘောတူထားသည်ဟု ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး MD Touhid Hossain က ပြောသည်။
အဆိုပါပြောကြားချက်ကို Touhid က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် သတင်းထောက်များကို ယနေ့ ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်ပြီး “ကုလသမဂ္ဂ အဆိုပြုချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီစင်္ကြံကို ခွင့်ပြုဖို့ မူအားဖြင့် သဘောတူညီခဲ့ပါတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အချို့သော အခြေအနေတွေရှိနေတာကြောင့် အသေးစိတ်ကိုတော့ ပြောကြားလို့ရမှာမဟုတ်ပါဘူး။ အကယ်၍သာ ဒီ အခြေအနေတွေ ပြည့်မီမယ်ဆို ကျွန်တော်တို့က သေချာပေါက် အကူအညီတွေ ပေးအပ်သွားမှာပါ”ဟုလည်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေကြောင်း Touhid က ပြောကြားခဲ့ပြီး “မြန်မာနိုင်ငံက ဒုက္ခသည်လူဦးရေ အများအပြားဟာ ကျွန်တော်တို့နိုင်ငံမှာ ခိုလှုံနေကြပြီး သူတို့ကို ပြန်လည်ပို့ဆောင်လိုပါတယ်။ သူတို့ နေရပ် ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သမျှကို ကျွန်တော်တို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့အပြင် Touhid က ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တစ်ခုလုံးမှာ မြန်မာအစိုးရ၏ အာဏာစက်မှ လွတ်ကင်းနေပြီး ရခိုင်လက်နက်ကိုင် AA ၏ ထိန်းချုပ်မှုအောက် ရောက်နေကြောင်း၊ နိုင်ငံတော်မဟုတ်သည့် ရခိုင်လက်နက်ကိုင် AA ကို တရားဝင်ဆက်သွယ်၍ မဖြစ်နိုင်သော်လည်း အဆက်အသွယ်လုံးဝပြတ်တောက်နေ၍လည်း မဖြစ်နိုင်ကြောင်း ပြောသည်။
“နယ်စပ်တစ်ခုလုံးဟာ ယခုအခါ နိုင်ငံတော်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် တစ်နည်းတစ်ဖုံ ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တရားဝင် ဆက်သွယ်လို့ မရပေမဲ့လည်း လုံးဝ အဆက်အသွယ်မရှိဘဲ နေလို့လည်း မဖြစ်နိုင်ပါဘူး” ဟုလည်း Touhid က ဆက်လက် ပြောကြားခဲ့သည်။
Ref, Dhaka Tribune