



၂၇.၄.၂၀၂၅
Written by Hey Mar
ရေစက်လိုက်လံပြုပြင်တယ်ဆိုတဲ့ အသက် ၃၀ ဝန်းကျင် လူငယ်က ဝက်အူလှည့်နဲ့ထောက်ကာ လုယက်လို့ဆိုပြီး လုယက်ခံရတယ်ဆိုသူက ပြန်လည်ခုခံရိုက်နှက်လို့ လုယက်သူ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဧပြီလ ၂၆ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ အနော်ရထာဘလောက်၊ ၃၆ လမ်းထိပ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
အဆိုပါ သေဆုံးသူက ဒလမြို့နယ်ဘက်မှာ အိမ်ငှားနေ
ထိုင်သူဖြစ်ပြီး မနက်အစောပိုင်း ဝေလီဝေလင်းအချိန် မှာ စက်ဘီးတစ်စီးနဲ့ ရန်ကုန်ဘက်ကို ရောက်ရှိလာပြီးကားတစ်စီးအနီးမှာ ရှိနေချိန် ကားပိုင်ရှင်ရောက်လာရာမှာ သူလွယ်လာတဲ့ အမဲရောင်လွယ်အိတ်ထဲ ရေစက်ပြုပြင်ရာမှာ အသုံးပြုတယ်ဆိုတဲ့ ဝက်အူလှည့် ၊ ဂွင်း ၊ ဂွ စတာတွေနဲ့ လုယက်ဖို့ကြိုးပမ်းတာကြောင့် ကားပိုင်ရှင်က ခုခံရင်း လက်လွန်ခဲ့တာလို့လည်း ဆိုပါတယ်။
“ရိုက်တဲ့ တရားခံကိုလည်း ဖမ်းမိပါတယ်။ တရားခံက ပြောပြတာတော့ သေဆုံးသူက ဝက်အူလှည့်နဲ့ ထောက်ပြီး သူတို့ကို လုယက်လို့ သူတို့က ပြန်လည် ခုခံရာက လက်လွန်သေဆုံးတယ်လို့တော့ ပြောတယ်၊ သေဆုံးတဲ့ လူငယ်က တကယ်လည်းရေစက်ပြင်တယ်ဆိုတာလည်းအမှန်ပါ။ သူ့ကိုလည်း လမ်းထဲက တချို့လည်းသိကြ၊ ပြင်ဖူးကြတယ်။ အခုက မနက် ငါးနာရီကျော်အချိန်၊ လူခြေကလည်း တိတ်နေသေးချိန် ဖြစ်တာ၊ သေဆုံးအောင် ရိုက်တဲ့သူက သူ့ကားကို မသင်္ကာစရာတစ်ခုခု လုပ်နေတာတွေ့လို့ လာကြည့်ရာက အဲဒီရေစက်ပြင်တဲ့လူငယ်က ဝက်အူလှည့်နဲ့ ထောက်ပြီး သူ့ကိုလုယက်လို့ အခုလို ခုခံရိုက်လိုက်တာလို့လည်း ရဲရှေ့မှာ ပြောတယ်။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ သေဆုံးသူက မိန်းမနဲ့ ကလေးအငယ်လည်းရှိတယ်” လို့ ရဲတပ်ဖွဲနဲ့နီးစပ်သူက MT News ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို လင်းလက် လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ကာ ရဲလုပ်ငန်းစဉ်အရ ရင်ခွဲစစ်ဆေးနိုင်ဖို့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။