
MT News
၂၇. ၄. ၂၀၂၅
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ကြီးမားသော သေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရပြီး အဆိုပါ ငလျင်ဘေးဒဏ်သင့် အခြေအနေ အကဲဖြတ်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အဖွဲ့ဝင် ၃၀ ဦးပါဝင်သော တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ထုတ်ပြန်သည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီသည့် ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံဒေသအသီးသီး၌ ငလျင်ဘေးဒဏ်သင့် ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းစစ်ဆေးရေး နှင့် အကဲဖြတ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံကို ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးတို့အတွက် အရေးပါသော သိပ္ပံနည်းကျအထောက်အထားများ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာအစိုးရတို့၏ အပြည့်အဝထောက်ပံ့မှုဖြင့် ပညာရှင်အဖွဲ့သည် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်း စသည့်နေရာဒေသများကို အဓိကအာရုံစိုက်ကာ လူနေမှုဘဝလိုအပ်ချက်စီမံကိန်းများ(Lifeline engineering)၊ အဆောက်အဦပျက်စီးမှု၊ ဘူမိဗေဒဆိုင်ရာ ငလျင်ဘေးအန္တရာယ်စုံစမ်းစစ်ဆေးရေးနှင့် ဆုံးရှုံးမှုအကဲဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများအရ ငလျင်၏ပြင်းထန်မှုနှင့် အတိုင်းအတာကို အတည်ပြုပြီး ပျက်စီးသွားသော အိမ်များအတွက် အရေးပေါ်လုပ်ဆောင်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ အကြံပြုချက်များကို ပေးအပ်သွားမည်ဖြစ်သည်။
ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(CIDCA) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့၏ စီစဥ်ညွှန်ကြားမှု၊ China Earthquake Administration ၏ ဦးဆောင်ဖွဲ့စည်းမှုဖြင့် CEA ၊ တရုတ်နိုင်ငံ ငလျင်ရှာဖွေကယ်ဆယ်ရေးစင်တာ၊ ထုံကျိတက္ကသိုလ်(TongJi University)၊ ဟားအယ်ပင်း နည်းပညာတက္ကသိုလ်(Harbin Institute of Technology)၊ တရုတ်နိုင်ငံ အဆောက်အအုံဆိုင်ရာ သုတေသနအကယ်ဒမီ (CABR) စသည့် ကျွမ်းကျင်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင် (၃၀)ဦးကို စုစည်းထားသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ကယ်ဆယ်ရေးမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖြစ် ပြောင်းလဲပြီးနောက် နိုင်ငံတော်၏ တာဝန်အပ်နှင်းမှုဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ခဲ့သော ပထမဆုံး ကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့လည်းဖြစ်သည်။