
၂၇.၄.၂၀၂၅
Written by Hey Mar
အလှူကနေအပြန် ဆိုင်ကယ်မတော်တဆဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာကို တစ်ရက်ကျော်အကြာမှ သိရှိကာ ရုပ်အလောင်းသယ်ယူနိုင်တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသား ဆိုင်ကယ်ပြုတ်ကျသေဆုံးခဲ့တဲ့နေရာက မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်၊ ကွမ်လှာကျေးရွာ၊ သင်္ချိုင်းအနီးက ပေါင်းကူးအောက်ကို ပြုတ်ကျကာ သေဆုံးခဲ့တာဖြစ်ပြီး မနေ့က ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ကျုံဖိုက်ကျေးရွာက ရှင်ပြုအလှူကို သွားရောက်ပြီး အပြန်မှာ အခုလိုမတော်တဆဖြစ်ပွားခဲ့တာလို့သိရပါတယ်။

“လူတစ်ယောက်နဲ့ ဆိုင်ကယ်တစ်စီး တံတားအောက်ချောက်ထဲ ပြုတ်ကျနေတယ်လို့ တာဝန်သိပြည်သူက ဖုန်းဆက်အကြောင်းကြားလို့ အခင်းဖြစ်နေရာရောက်တော့ လူက သေဆုံးတာ အတော်ကြာနေပြီလို့ခန့်မှန်းရတယ်။ ရဲကို ဆက်သွယ်အကြောင်းကြားပြီး စုံစမ်းစစ်ဆေးတော့ သေဆုံးသူက ရေးဘက်က။ မိသားစုလည်း ဆက်သွယ်လို့ရပါပြီ။ အလှူသွားပြီး ညကတည်းက ပြန်မရောက်လို့ မိသားစုကလည်း ရှာနေကြတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ကမာဝက် ဒေသခံပရဟိတအသင်းသားတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။
ဆိုင်ကယ်တံတားအောက် ပြုတ်ကျသေဆုံးတဲ့ လူနာဟာ မျက်နှာမှာ ဒဏ်ရာတွေ ရရှိကာ သေဆုံးနေတာကို တွေ့ရှိရပြီး မုဒုံမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ရုပ်အလောင်း ဖြစ်တာကြောင့် ကမာဝက် ရင်ခွဲရုံဆီ ပို့ဆောင်ပေးနိုင်ဖို့ နှီးပဒေါစံပြကျေးရွာ ဗြဟ္မာဝိဟာရအသင်းက စနစ်တကျထုပ်ပိုးသယ်ဆောင်ကာ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။