



၂၇.၄.၂၀၂၅
Written By Thandar
အလိုတော်ပြည့် ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်သူ ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့ ဒါယကာ ဒါယိကာမတို့က နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ငလျင်ဒဏ်သင့် ပြည်သူတွေကို ငွေကျပ် ၁ သိန်းခွဲတန်ဖိုးရှိ ပစ္စည်းပုံး ၄၀ နဲ့ ငွေကျပ်သိန်း ၃၀ တို့ကို လှူဒါန်းခဲ့ပါတယ်။
“ဦးဇင်းအနေနဲ့ ဒီနေရာမှာ ငလျင်ကြောင့် နေအိမ်တွေ ပြိုပျက်စီးသွားတဲ့ အသုံးအဆောင်ပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးခဲ့ကြတဲ့ သူတွေအတွက် လှူဒါန်းခဲ့တာပါ။ မိသားစုအကုန်လုံးအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ခု မိသားစု နေအိမ်လေးတွေ ပြန်လည်တည်ဆောက်နေတာလည်း တွေ့ခဲ့ရပါတယ်။ တကယ်လိုအပ်တဲ့အရာတွေ ဦးဇင်းတို့ သေချာလေးပစ္စည်းတွေ ထည့်ပြီးလှူဒါန်းတာပါ”လို့ ဆရာတော်အသျှင်ကုမာရက မိန့်ကြားပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ နမောတဿ သုံးကြိမ်ရွတ်ပြီးတော့ ဆရာတော်ကို ကန်တော့ခဲ့ကြပြီး ပါဝင်လာကြတဲ့ ဆန်၊ ငါးခြောက်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ သွားတိုက်တံ၊ တစ်ရှူး၊ ကော်ဖီ၊ ဆေး၊ ငါးသေတ္တာ၊ လက်ဖက်ထုပ်၊ ပုဆိုးစတဲ့ ပစ္စည်းပေါင်း ၂၀ ကျော်ကို လှူဒါန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းတွေနေအိမ်တွေကို ပြန်လည်တည်ဆောက်နေလျှက်ရှိတာလည်း တွေ့ခဲ့ရပါတယ်။
ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့အတူ အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့တွေက ဧပြီလ ၂၈ ရက်နေ့မှာ မန္တလေးမြို့က ငလျင်ဘေးသင့်ပြည်သူတွေကို ဆက်လက်လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။