နေပြည်တော်တွင် ခံစားခဲ့ရသည့်ငလျင်ဒဏ်သည် မန္တလေးနှင့် စစ်ကိုင်းလှုပ်ခတ်မှုကို တစ်ဆင့်ခံအဖြစ် ခံစားရခြင်းမဟုတ်ဘဲ ပြင်းအားတစ်ပြိုင်နက်ခံစားခဲ့ရခြင်းဖြစ်ဟု ဆို

၂၇. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးလှုပ်ကြောင့် ပြိုကျပျက်စီးအဆောက်အဦများကို ပြန်လည်နေထိုင်ရန် သင့်မသင့်စစ်ဆေးခဲ့ရာ မန္တလေးတွင် ပြန်လည်နေထိုင်ရန်သင့်အဆောက်အဦ (Green) ၉၀ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင်လည်း Green များခဲ့ပြီး နေပြည်တော်တွင်မူ နေထိုင်ရန်မသင့် အဆောက်အဦ (Red) များသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) တွင် ယနေ့ ပြုလုပ်သည့် “ငလျင်ဘေးဒဏ်သင့်လျော့ပါးရေး ပူးပေါင်းပါဝင်ဆွေးနွေးပေး” ဟောပြောပွဲမှ သိရသည်။
အဆိုပါ အဆောက်အဦများကို စစ်ဆေးရာတွင် အပျက်အစီးသိပ်မရှိသည်များကို အစိမ်းရောင်အဆင့် သတ်မှတ်ပြီး ပြိုကျ၊ ယိုင်လဲသွားသည့် အဆောက်အဦများကို အနီအဆင့် သတ်မှတ်ကာ အဆိုပါ အခြေအနေနှစ်ခုကြားရှိ နေထိုင်ရန်သင့်ပြီး အချိန်ပေးပြင်ဆင်ရမည့် အဆောက်အဦများကို အဝါရောင်အဆင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ သတ်မှတ်ရာ မန္တလေးတွင် အစိမ်းအရောင်အဆင့် အဆောက်အဦ ရာခိုင်နှုန်း ၉၀ ခန့်အထိရှိကြောင်း သိရသည်။

“မန္တလေးမှာဆိုရင် Green များတယ်။ နေပြည်တော်မှာ Red များတယ်။ စစ်ကိုင်းက ထိတာပြင်းပါတယ်။ အဆောက်အဦ အရည်အသွေးကလည်း မန္တလေးလောက် မကောင်းပါဘူး။ သူ့မှာက ထိခိုက်တာပိုပြီးတော့ များပါတယ်။ အဲဒါတောင်မှ Green က များနေတုန်းပါပဲ” ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးခဲ့သူ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ၎င်းတို့ စစ်ဆေးခဲ့မှုများကို ဆွေးနွေးပြောကြားသည်။
ထို့ပြင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုသည် ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းနှင့် မန္တလေးတို့မှတစ်ဆင့် ပြန့်ထွက်လာသည့် ပြင်းအားအမျိုးအစားမဟုတ်ဘဲ မိုင် ၃၀၀ ခန့်ရှိသည့် Block (မြေထုကြီး)က ၁၀ ပေခန့်ရွေ့သွားသည့် ငလျင်အကြီးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း ရှားပါးဖြစ်စဉ် ငလျင်အမျိုးအစားဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နေပြည်တော်တွင် ခံစားခဲ့ရသည့်ငလျင်ဒဏ်သည် မန္တလေးနှင့်စစ်ကိုင်းတို့တွင် လှုပ်ခတ်မှုကို နောက်ဆက်တွဲတစ်ဆင့်ခံအဖြစ် ခံစားရခြင်းမဟုတ်ဘဲ ငလျင်မြေထုတစ်ပြိုင်နက်လှုပ်မှုကြောင့် ပြင်းအားတစ်ပြိုင်နက် ခံစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။




“ဒီ Block ကြီးတစ်ခုလုံးနဲ့ တိုက်တဲ့ဟာ အကုန်လုံးထိခိုက်တာ။ ဘာပြောချင်တာလဲဆိုတော့ နေပြည်တော်မှာဖြစ်တဲ့ ပျက်စီးမှုတွေ၊ ပြိုကျမှုတွေက မန္တလေး၊ စစ်ကိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မဟုတ်ဘဲနဲ့ ဒီ Block ကြီးတစ်ခုလုံးက ၁၀ ပေလောက် ရွေ့သွားတာဆိုတော့ တစ်ပြိုင်ထဲမှာ လှုပ်ရှားမှုကို အားလုံးက ခံလိုက်ရတာ။ ဒီလောက်ကြီးကြီးမားမားနဲ့ Structure ကြီးရွေ့သွားတာက ကမ္ဘာပေါ်မှာကိုပဲ ရှားရှားပါးပါးပါ” ဟု ဦးစောထွေးဇော်က ပြောသည်။
လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်မှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် နီပေါနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့စဉ်က ချမှတ်ခဲ့သော Guideline များကို အဓိကလေ့ကာ အများပြည်သူများ လေ့လာနိုင်အောင်လည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် ယခုအဆောက်အဦများကို သတ်မှတ်ခဲ့ရာတွင် အစိမ်းရောင်အဆင့် အဆောက်အဦများခဲ့ပြီး အဆိုပါ အစိမ်းရောင်အဆင့်တွင် ပါဝင်သည့် အများပြည်သူနေထိုင်ရာ အဆောက်အဦနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အဆောက်အဦများကိုလည်း မိဘပြည်သူများ ပြန်လည်နေထိုင်နိုင်ကြောင်းကိုလည်း ပညာရှင်များက တိုက်တွန်းဆွေးနွေးထားသည်။
ယခု အစိမ်းအရောင်အဆင့် သတ်မှတ်နိုင်ခဲ့သည့် အဆောက်အဦးများအား ဘာကြောင့် ပြန်လည်နေထိုင်သင့်ကြောင်းကို ဆွေးနွေးထားရာတွင် “အခု Building တွေကို လှုပ်လိုက်တာက မိုင် ၃၀၀ ရှည်တဲ့ အလျားက ၁၀ မိုင်လောက်ရှိတဲ့ တကယ့် Real Earthquake ကြီးနဲ့ ၇ ဒသမ ၇ ဆိုတဲ့ အင်မတန်ကြီးပါတယ်ဆိုတဲ့ Earthquake နဲ့ လှုပ်ပြီးတော့စမ်းလိုက်တာပေါ့။ အဲဒါကို ပြောလေ့ရှိတာက Earthquake Exam for Building ပေါ့။ အဲဒီမှာ ကျန်နေတယ်ဆိုတဲ့ အဆောက်အဦးတွေက တကယ့် Real Earthquake Shake ကြီးကို ခံပြီးတော့မှ ကျန်တာပါ။ ဒီအဆောက်အဦတွေက စမ်းသပ်ခံပြီး၊ သက်သေပြပြီး ဖြစ်ပါတယ်။ အခုဒီမှာရှိတဲ့ အဆောက်အဦတွေက ဘယ်လောက်ခိုင်အောင်ပဲ ဆောက်ဆောက် အဲဒါက စမ်းသပ်ခံမဟုတ်သေးဘူး” ဟု ဦးစောထွေးဇော်က ထောက်ပြထားသည်။
ငလျင်ကြောင့် မန္တလေးတွင် RC အမျိုးအစား ၇ ထပ်နှင့်အထက် အဆောက်အဦများ၊ ယခင် အဆောက်အဦအဟောင်းများ ထိခိုက်မှုပိုများခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ရှေးဟောင်းအဆောက်အဦများနှင့် ရှေးဟောင်း ဘုရားပုထိုးစေတီများ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။