
၂၇.၄.၂၀၂၅
Written by KL
အမြန်လမ်းမကြီး နေပြည်တော် – ရန်ကုန်ဘက်ခြမ်း၊မိုင်တိုင် ၄၁ /၃၊ ၄၁/၄တွင် ဧပြီလ၂၇ ရက် နံနက် ၇ နာရီခွဲက ယာဉ်မောင်းအိပ်ငိုက်ရာက Town Ace မော်တော်ယာဉ် လမ်းလယ်ကျွန်းရှိ သစ်ပင်ကို ဝင်တိုက်မိလို့ တိမ်းမှောက်ကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၀ ဦးတင်ဆောင်လာသည့် Town Ace အမျိုးအစား အဖြူရောင်မော်တော်ယာဉ်မှာ နေပြည်တော်ဘက်မှ မောင်းနှင်လာစဉ် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ မန်ဂျန်းရှားပင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဥ်တိုက်မှုကြောင့် အသက် ၂၇ နှစ်မှ ၄၁ နှစ် အရွယ်ရှိ အမျိုးသား ၃ ဦး၊ အသက် ၁၇ နှစ်အရွယ်မှ အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ လူနာများမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေအများစုက ရွှေပြည်သာမှာနေတဲ့သူတွေပါ။ ပွန်းပဲ့နာကျင်ဒဏ်ရာတွေ ရခဲ့ပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး” ဟု အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် Town Ace မော်တော်ယာဥ်တွင်လည်း ယာဥ်ဦးခေါင်းပိုင်း ကြေမွပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။