



၂၇. ၄. ၂၀၂၅
Written by Nay Moe
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သန်လျင်မြို့နယ်က အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေလင်းအောင် (ခ) ကိုပေါက်စဟာ ဒီနေ့မနက်မှာ သူပုန်းအောင်းခိုလှုံရာတောတွင်းတစ်နေရာမှာ အဆုတ်ယောင်ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဦးနေလင်းအောင်ဟာ NLD ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တို့မှာ ရွေးကောက်ခံခဲ့ရပေမဲ့ ထူးခြား ကောင်းမွန်တဲ့ ပြည်သူ့အကျိုးပြုအဆိုမျိုး လုပ်နိုင်ခဲ့ခြင်းမရှိသလို ၂၀၂၁ ဖြစ်စဥ်နောက်ပိုင်း ၅၀၅ (ခ)နဲ့ အမှုဖွင့်ခံရပြီးနောက် တောတွင်းထွက်ပြေးသွားရာမှာလည်း လူသိခဲ့သူမဟုတ်ဘဲ သေဆုံးသွားမှသာ CRYH က ဝမ်းနည်းကြောင်း ထုတ်ပြန်လာတာ တွေ့ရပါတယ်။
ဦးနေလင်းအောင်ဟာ NLD ပါတီရဲ့ ခရိုင်လူငယ်တာဝန်ခံအဖြစ်ကနေ ပရဟိတအသွင်လုပ်ကိုင်ရင်း ၂၀၁၅ ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်တိုင်းလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၁ – ၂၀၂၅ ခုနှစ်အတွင်းမှာတော့ တောတွင်းတစ်နေရာမှာ ထမင်းချက်ဟင်းချက်အဖြစ် လုပ်ရင်း ကျန်းမာရေးဖောက်လာတာကြောင့် လွတ်မြောက်နယ်မြေကနေ ဆေးရုံတင်ပို့ဖို့လုပ်ပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ဆေးရုံမရောက်လိုက်ဘဲ သေဆုံးသွားတာလို့လည်း သိရပါတယ်။