MT News
Written By Thandar
စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ သစ္စာနီရဲ့ ဒုတိယအကြိမ်မြောက် Portrait Game တစ်ကိုယ်တော် ပန်းချီပြပွဲမှာ အဖွင့်ရက်မှာတင် ပန်းချီကား ၁၅ ကားရောင်းထွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းချီကားပေါင်း ၃၀ ကျော်ကို ခင်းကျင်းပြသထားတဲ့ ပန်းချီပြပွဲကို ဇန်နဝါရီ ၂၄ ရက်ကနေ ၂၉ ရက်အထိ (ပိတ်ရက်မရှိ) နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးရှိ IVY Gallery မှာ ပြသသွားမှာဖြစ်ပါတယ်။
“ကျွန်တော်က ပန်းချီဆရာလို့ ပြောရမှာ သိပ်လိပ်ပြာမလုံပါဘူး။ အမှန်တော့ ကိုယ့်က စာရေးဆရာ၊ ကဗျာဆရာပါ။ ပန်းချီကတော့ ဒုတိယဝါသနာလို့ ပြောလို့ရပါတယ်။ အသက်ကြီးတော့ ပန်းချီက ရေးလို့ကောင်းလို့ ထဲထဲဝင်ဝင် ဆွဲဖြစ်လာတာပါ။ ကိုယ့်အပေါင်းအသင်းတွေ ပန်းချီဆွဲပြီးတော့ လက်ဆောင်ပေးဖြစ်တယ်။ ပထမတော့ ပွဲလုပ်ဖို့အစီအစဥ်မရှိဘူး။ ရေးဆွဲရင်းနဲ့ ပန်းချီကားတွေ များလာလို့ ပွဲလုပ်ဖြစ်လိုက်တာပါ။ Portrait Game လို့ နာမည်ပေးရတာက ကိုယ့်အတွက် Portrait ရေးရတာ Game တစ်ခု ကစားရသလိုပါပဲ။ တစ်ယောက်ရေးမယ်ဆိုရင် ပုံတစ်ခုဆိုရင် သူများတကာ သိပ်ရေးလေ့ရေးထ မရှိတဲ့ပုံကို ဆွဲဖြစ်တယ်။ သူများနဲ့ မတူအောင် ဘာတွေ Creation ဖန်တီးနိုင်မလဲ တွက်ပြီးရေးဖြစ်ပါတယ်။ ပုံတွေက အသက်မပါသလို မဖြစ်ရအောင်တော့ ဂရုစိုက်ဆွဲဖြစ်ပါတယ်”လို့ ပန်းချီဆရာသစ္စာနီက ပြောပါတယ်။
အသက် ၇၇ နှစ်အရွယ် ဆရာသစ္စာနီရဲ့ ပန်းချီကားတွေက တန်ဖိုးအနေနဲ့ ကျပ် ၃၅၀၀၀၀ ကနေ ကျပ် ၇၀၀၀၀၀ ကျော်အထိရှိတဲ့ ပန်းချီကား ၃၀ ကျော်ကို ခင်းကျင်းပြသခဲ့ရာမှာ ပန်းချီကား ၁၅ ကားကို ရောင်းချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ပန်းချီဆရာ သစ္စာနီကတော့ အလယ်တန်းကျောင်းသားဘဝကတည်းက ပန်းချီကို ရေးဆွဲခဲ့ပေမဲ့ အသက် ၅၀ ကျော်မှ အပျော်တန်းအနေနဲ့ Water Color ၊ Oil Color ၊ Acrylic ပြန်လည်ရေးဆွဲခဲ့ပြီးတော့ အသက် ၇၃ နှစ် ၂၀၁၉ ခုနှစ်မှာတော့ 73 Solo Art Exhibition အမည်နဲ့ ပထမအကြိမ် ပန်းချီပြပွဲ ပြသခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
“ပန်းချီဆွဲတဲ့အခါ သူ့ကာရိုက်တာကို ဖမ်းမိအောင် အသက်ဝင်နေအောင် အားထုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပန်းချီကားတွေမှာ မုဒ်ဝင်အောင် မျက်လုံးကို ဂရုစိုက်တယ်။ မျက်နှာပေါ်က ကောက်ကြောင်း Line drawing တွေဟာ ကာယကံရှင်ရဲ့ စရိုက်သဘာဝကို ဖော်ပြတယ်လို့ ယုံတယ်။ မြန်မာ့ဗေဒင်ပညာမှာရှိတဲ့ အင်္ဂဝိဇ္ဇာနည်းကတော့ မျက်နှာပေါ်ကအရေးအကြောင်းကိုကြည့်ပြီး အကဲခတ်ပြောကြတာရှိတယ်လေ။ နီးစပ်ကောင်း နီးစပ်မယ်။ ကိုယ်ကတော့ အင်္ဂဝိဇ္ဇာတွေ မလေ့လာဖူးပါဘူး။ လူတစ်ယောက်ရဲ့ ကောက်ကြောင်းက စရိုက်လက္ခဏာ သဘာဝကို ဖော်ပြတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုဖြစ်အောင် အားထုတ်ထားပါတယ်။ ကိုယ်က စာပေလောကရော၊ ပန်းချီဘက်က အပေါင်းအသင်းလည်းလာတာများတော့ ဝမ်းသာပါတယ်။ ဖွင့်ပွဲမှာ ကျွန်တော်ပန်းချီကား ၃၀ ကျော် တင်ထားတာ တစ်ဝက်လောက်ရောင်းပြီးသွားပါပြီ”လို့ သူကဆက်ပြောပါတယ်။