
၂၇. ၄. ၂၀၂၅
Written by Thettant
ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရသူများအတွက် တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲကို မနက်ဖြန် ကျင်းပမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကွယ်လွန်သူများကို ရည်စူးကုသိုလ်ပြုပေးနိုင်ရန်ပါ ဦးဆောင်ဦးရွက်ပြုသူဆရာတော်များက မေတ္တာရပ်ခံထားသည်။
မန္တလေးငလျင်ကြီးဘေးကြောင့် ကွယ်လွန်သူများတစ်လပြည့်ကို ရည်စူးသည့် ဆုတောင်းကုသိုလ်ပြုပွဲကို ၁၅ ဘွဲ့ရ ဟိဓရဆရာတော် ဦးဆောင်၍ ပြုလုပ်မည်ဖြစ်ပြီး သံဃမဟာနာယကဆရာတော်၊ သီတဂူဆရာတော်ဘုရားကြီး၊ မိုးကောင်းဆရာတော်ဘုရားကြီး၊ မြစေတီ ဆရာတော် (မော်လမြိုင်)၊ ဒေါက်တာ အရှင်ဗုဒ္ဓပီယ(အနော်ရထာဖောင်ဒေးရှင်း)၊ မန္တလေးသံဃာ့တက္ကသိုလ် ပါမောက္ခချုပ်၊ မန္တလေးသံဃာ့တက္ကသိုလ် ဒေါက်တာ စန္ဒာ၀ရ၊ ရွှေဆံပင် ဆရာတော်၊ ရွှေဆံနွယ် ဆရာတော်၊ ဒေါက်တာ အဂ္ဂဇေယျ (ရွှေမိုးမြေ)၊ ကမ္ဘာကျော်ဆရာတော် အရှင်ဝိစိတ္တာဘိဝံသ၊ YGW သံဃာတော်များ၊ ဒေါက်တာ သီဟဉာဏာလင်္ကာရာဘိဝံသ များအပါအဝင် သံဃာတော်အရှင်သူမြတ်များ ဖိတ်ကြားတက်ရောက်မည်ဖြစ်သည်။
ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စရောက်သွားကြသော သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်များနှင့်
(၃၁) ဘုံသားတို့အား ရည်စူးကာ တစ်လပြည့် ဆုတောင်းကုသိုလ်ပြုပွဲနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ် ပြုပြင်ရန် စုပေါင်း အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ငလျင်ဘေးတစ်လပြည့်သည့် ဧပြီ ၂၈ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ ကျင်းပမည်ဖြစ်ကာ ဟိတဓရဆရာတော်ဘုရားမှ ကျပ်သိန်း ၁၀၀၊ ဗုဒ္ဓရင်ခွင်-ဓမ္မသဘင် ကုသိုလ်ပြုအဖွဲ့မှ ကျပ် ၇၅ သိန်းနှင့် တောင်ပုလကုသိုလ်ပြုအဖွဲ့မှ ကျပ်သိန်း ၁၀၀
မတည်လှူဒါန်းထားကြောင်းလည်း သိရသည်။
“ဒီငလျင်ဘေးကြီးကြောင့် ရဟန်းရှင်လူ ပြည်သူ ၄၀၀၀ လောက် ဆုံးပါးအနိစ္စရောက်ခဲ့တာ မနက်ဖြန် တစ်လ ပြည့်ပြီပေါ့။ ဦးဇင်းတို့ကလည်း ငလျင်ဗဟိုချက်နဲ့နီးရာ စစ်ကိုင်းမှာ ရည်စူးကုသိုလ်ပြုကြသလို ပြည်သူလူထုကလည်း မနက်ဖြန်မှာ အိမ်မှာ၊ ကျောင်းမှာ ဘုရားမှာ နိုင်သမျှ ကွယ်လွန်သူတွေကို ရည်းမှန်း အမျှဝေ ဆုတောင်းကုသိုလ်ပြုပေးကြဖို့ တိုက်တွန်းပါတယ်။ တစ်နိုင်ငံလုံးအတွက် အဆိုးရွားဆုံးငလျင်ဘေးကြီးမျိုး ထပ်မကြုံရအောင်၊ အချိန်တစ်ခဏအတွင်းမှာ အနိစ္စရောက်သွားသူတွေ ကောင်းရာဘုံဘဝ ကူးပြောင်းစံမြန်းနိုင်အောင် နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဆုတောင်းမေတ္တာပို့သခြင်းအားဖြင့် ကွယ်လွန်သူတွေအဖို့ ကောင်းကျိုးသုခများစွာ ထိထိရောက်ရောက်ရရှိကြမယ်လို့ ယုံကြည်တာကြောင့် ဝိုင်းဝန်းကုသိုလ်ပြုပေးကြပါလို့လည်း မေတ္တာရပ်ခံပါတယ်”လို့ တစ်လပြည့်ရည်စူးအလှူ ဦးဆောင်ဦးရွက်ပြုသူဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။