




၂၇.၄.၂၀၂၅
Written By Thandar
“ညမထွက်ရ” ရုပ်ရှင်ဇာတ်ကားက အနုပညာရှင်တွေနဲ့ ပရိသတ်တွေ့ဆုံပွဲကို ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လှည်းတန်း စံရိပ်ငြိမ် ဂမုန်းပွင့်၊ လှိုင်သာယာ စိန်ဂေဟာ ၊ လှိုင်သာယာ ဝဇီရာရုံတွေမှာ ပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့ ညမထွက်ရ Promotion အစီအစဉ်ကို ဧဝရက်ရာဇာမိသားစုက ပါဝင်အားဖြည့် ကူညီပေးထားပါ တယ်။ လှည်းတန်းစံရိပ်ငြိမ် ဂမုန်းပွင့်ရုံ ( နံနက်ပွဲနဲ့ နေ့ဲယ်ပွဲ )၊ လှိုင်သာယာ ဝဇီရာရုံ၊ လှိုင်သာယာ စိန်ဂေဟာရုံ(နေ့လယ်ပွဲ)တွေကို ကြည့်ရှူကြတဲ့ ပရိသတ်တွေကို မေတ္တာ လက်ဆောင်တုံ့ပြန်တဲ့ အနေနဲ့ အနောက်တိုင်း ဝတ်စုံတွေကို ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ကိုယ်တိုင် ကြည့်ရှူခဲ့တဲ့ ရုပ်ရှင်လက်မှတ်ရဲ့ နောက်ကျောမှာ ဖုန်းနံပါတ်နဲ့ နာမည်ကိုရေးပြီး အသင့်ထားရှိထားတဲ့ ကံစမ်းမဲအိတ်ထဲကို ထည့်ပေးရုံနဲ့ ဒီအစီအစဉ်မှာ ပါဝင်ပြီးသား ဖြစ်သွားပါပြီ။ ရုံတွေမှာ သရုပ်ဆောင်တွေက ကိုယ်တိုင်မဲလာနှိုက်ပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှူကြတဲ့ ပရိသတ်တွေအနေနဲ့လည်း ရုပ်ရှင်လက်မှတ်ကို ဓာတ်ပုံရိုက်ပြီး ဧဝရက်ရာဇာ Facebook page ကို ပေးပို့ပါဝင်နိုင်ကြပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်ကပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင် ထွန်းထွန်း၊ နေမင်း၊ ဘုန်းမင်းနေလ၊ မြယာ၊ ယွန်းမြတ်သူ၊ ဘုန်းသျှံတို့က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံတွေအတူတွဲ ရိုက်ကူးပြီးတော့ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါတယ်။
သရဲဒရာမာ ဇာတ်လမ်းပုံစံ “ညမထွက်ရ”ရုပ်ရှင်ဇာတ်ကားကြီးကို တွဲဖက်ဒါရိုက်တာအနေနဲ့ ထူးနွယ် အိမ်နဲ့ ဇော်Gတို့က ပါဝင်ပြီးတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာပိုင်းကိုတော့ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က ရိုက်ကူးကာ သရုပ်ဆောင် ထွန်းထွန်း၊ နေမင်း၊ ဘုန်းမင်းနေလ၊ မြယာ၊ ယွန်းမြတ်သူ၊ မြတ်၊ ဘုန်းသျှံ၊ အောင်ဖြိုးလင်းနဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြတာပါ။
“ညမထွက်ရ”ရုပ်ရှင်ဇာတ်ကားကိုတော့ ဧပြီ ၂၅ရက်နေ့က စတင်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသလျှက်ရှိပါတယ်။