MT News
Written By Myo Khine
ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့အဖွဲ့ ဇန်နဝါရီ ၂၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကာ အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“နေပြည်တော်ကို မနေ့ကဘဲ ရောက်ပါတယ်။ ဒီနေ့ မနက်ကနေအ ညနေထိ ဆွေးနွေးခဲ့ကြတာပါ။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စ အချက်သုံးချက်အနေနဲ့ ဆွေးနွေးခဲ့ကြတာပါ။ နောက်နေ့လည်း ဆွေးနွေးကြပါအုံးမယ်”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက MT News သို့ ပြောသည်။
ယခု ဆွေးနွေးပွဲခရီးစဉ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် အပါ အဝင် ၅ ဦးပါဝင်ကြောင်း၊ နောက်နေ့များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိ မရှိကိုမူ မပြောနိုင်သေးကြောင်းလည်း ယင်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက နေပြည်တော်၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA –PC ၊လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC)တို့ တွေ့ဆုံခဲ့ကြသေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ NMSP နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က မတက်ရောက်ခဲ့ကြပေ။
ယင်းဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ၏ အဖွဲ့ဝင် ၅ ဖွဲ့ အနေဖြင့် NSPNC နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်း အချက် ၄ ချက်ကို သဘောတူခဲ့ကြသည်။
“အရင်တုန်းက ဆွေးနွေးတဲ့ ၁၀ ဖွဲ့ ရှိတယ်။ ဆွေးနွေးတဲ့ ၁၀ ဖွဲ့နဲ့ ဆက်လက်ဆွေးနွေးဖို့ ကျန်တဲ့ဟာတွေကို အလျဉ်းသင့်သလို ဆက်ဆွေးနွေးသွားမှာ။ RCSS တစ်ဖွဲ့တည်းတော့မဟုတ်ဘူး။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့ က နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ သူတို့အဖွဲ့နဲ့ ဆွေးနွေးဖို့ ကျန်တဲ့အရာတွေကို ဆွေးနွေးဖို့ ရှိပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းက MT News သို့ ဇန်နဝါရီ ၂၄ ရက်တွင် ပြောသည်။