
၂၆.၄.၂၀၂၅
Written by Hey Mar
ပူလို့ ကြံရည်ဝယ်သောက်ရာက တက္ကစီယာဉ်မောင်းတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ တစ်နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ်က 360 စက်သုံးဆီ အရောင်းဆိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ကီလိုတက္ကစီဂရုတစ်ခုဖြစ်တဲ့ တွဲလက်တူညီ တို့တက္ကစီ ပရဟိတ တက္ကစီအဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က အသက် ၃၇ နှစ်အရွယ် ခပ်ဝဝ တက္ကစီယာဉ်မောင်းက သူ့ယာဉ်ကို ဝပ်ရှော့ဆရာက ပြုပြင်နေစဉ် သူက ကားနောက်ခန်းမှာ ဝင်ထိုင်ကာ ကြံရည်မှာသောက်ရင်း ရုတ်တရက် လဲကျသေဆုံးခဲ့တာလို့ သိရပါတယ်။
“သူ့မိသားစု ပြောတာကတော့ ဝလည်းဝတော့ သွေးတိုး၊ ဆီးချိုလည်းရှိတယ်လို့ပြောတယ်။ အပူရှိန်မြင့်နေချိန် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပုံရပါတယ်။ ဆေးစစ်ချက်မထွက်သေးလို့ အတိအကျတော့ မသိရသေးဘူး။ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အောင်နိုင်သူ လူမှုကူညီရေး အသင်းတာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန် အတက်နေ့ ဖြစ်တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း တက္ကစီယာဉ်မောင်းတစ်ဦး ကားထဲ အဲကွန်းဖွင့်ကာ ထိုင်နေစဉ် နှလုံးရပ်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။
ရာသီဥတုက အပူရှိန်မြင့်တက်နေတာမို့ ချွေးထွက်များတဲ့ ကာယလုပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူအနေနဲ့ အပူရှိန်ကြောင့် ရုတ်တရက်သေဆုံးမှုတွေ ဖြစ်ပွားနိုင်လို့ အပူရှိန်မြင့်တက်နေတဲ့ မွန်းတည့်ချိန်နဲ့ မွန်းလွဲပိုင်းတွေမှာ မဖြစ်မနေ နေပူထဲထွက်ရပါက အရိပ်ထဲကနေ သွားလာဖို့ ထီး၊ ဦးထုပ် ဆောင်းကာသွားလာဖို့ နေလောင်ခံခရင်မ်၊ သနပ်ခါးလိမ်းကျံဖို့၊ ပါကင်ထိုးထားတဲ့ ကားထဲ ဘယ်သူ့ကိုမှ မထားခဲ့ဖို့၊ အပြင်းအထန် လှုပ်ရှားမှုတွေ ရှောင်ကျဉ်ဖို့၊ ရေများများသောက်ပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားဖို့နဲ့ ကော်ဖီ၊ အရက်၊ အပူအစပ်တွေ မစားသင့်ဘဲ နေထိုင်ရာ ပတ်ဝန်းကျင်မှာ အပူဓာတ်လျှော့ချပြီး အေးအောင် ပြုလုပ်နေထိုင်ကြဖို့လည်း ကျန်းမာရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။