
၂၆. ၄. ၂၀၂၅
Written by Nay Moe
KNU နှင့် PDF များ ထောင်ထားသည့် မိုင်းများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး ဒဏ်ရာရမှု ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာသို့ PDF အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးဖုန်းမြင့်ထွန်း(၄၉)နှစ်၊ ဒေါ်နီလာဝင်း(၃၇)နှစ်၊ မောင်ကြယ်စင်မောင်(၈)နှစ်နှင့် ဦးဟန်ဝင်း(၄၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ထိုနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ တောကျွဲအင်းတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်၊ အောင်ဇေယျ(၁)ကျေးရွာနေ ဦးထွန်းမြိုင်(၆၄)နှစ်နှင့် ကညွတ်ကွင်း မြို့နေ ဦးအောင်အောင်(၄၀)နှစ်တို့သည် အောင်သိဒ္ဓိကျေးရွာအရှေ့ဘက် ခြောက်ဖာလုံခန့်အကွာရှိ ဦးထွန်းမြိုင်ပိုင်ဆိုင်သည့် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။