
MT News
၂၆. ၄. ၂၀၂၅
မြန်မာနိုင်ငံ၌ ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုအခြေအနေများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့သည်။
အဆိုပါအဖွဲ့သည် ဧပြီလ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ထွက်ခွာလာမည် ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယနေ့ အတည်ပြုထုတ်ပြန်သည်။
ယခုအကြိမ် စေလွှတ်မည့် JICAကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသများ၏ လက်ရှိအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လိုအပ်ချက်များကို လေ့လာသုံးသပ်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်ကြမည် ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) စေလွှတ်ခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အရေးပေါ်ထောက်ပံ့ငွေပေးအပ်ခြင်း(Emergency Grant Aid)အစရှိသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့် ဒေသတွင်ရှိသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ မြန်မာပြည်သူပြည်သားများ တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို ဂျပန်နိုင်ငံအစိုးရက အတတ်နိုင်ဆုံး ဆက်လက်ကူညီပံ့ပိုးသွားမည် ဖြစ်သည်ဟုလည်း သိရသည်။