
ပုံစာ။ ငလျင်ဘေးတွင် ပျက်စီးထိခိုက်ခဲ့သော ဆွမ်းဦးပုညရှင်စေတီဝန်းအတွင်း မြင်ကွင်း။
၂၆. ၄. ၂၀၂၅
Written by Thiri
သဘာဝငလျင်ဘေးဒဏ်ကြောင့် ဘဝနတ်ထံပျံလွန်တော်မူသွားကြကုန်သော ရဟန်း၊ သာမဏေ၊ သီလရှင်တွေနဲ့ ကွယ်လွန်သွားကြကုန်သော လူပုဂ္ဂိုလ်များအတွက် တစ်လပြည့် ရည်စူးကုသိုလ်အမျှအတန်းပေးဝေပွဲကို စစ်ကိုင်းတောင်ရိုးရှိ ပြိုကျပျက်စီးသွားတဲ့ ဆွမ်းဦးပုညရှင်စေတီ မြောက်ဘက်မုခ် ယာဉ်ရပ်နားစခန်းမှာ လာမယ့် ဧပြီလ ၂၈ ရက်နေ့မနက်ပိုင်းမှာ ပြုလုပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ သဘာဝဖျက်အားပြင်းငလျင်ဘေးကြောင့် စစ်ကိုင်းတောင်ရိုး တစ်လျှောက်နဲ့ စစ်ကိုင်းမြို့တွင်းမြို့ပြင်တို့မှာ ပျံလွန်တော်မူခဲ့ကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေနဲ့ ကွယ်လွန်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေအတွက် ကောင်းရာဘုံဘဝ စံစားစေလိုတဲ့စေတနာနဲ့ အခုလို ကျင်းပ ပြုလုပ်ပူဇော်တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရည်စူးကုသိုလ် အမျှအတန်းပေးဝေပွဲကို စစ်ကိုင်းတောင်ရိုးရှိ သီတဂူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေါက်တာ ဉာဏိဿရကို အမှူးထားပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ ကြီးမှူးကာ ၀-သုံးလုံး သာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဦးဆောင်တဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းလှူဒါန်းကုသိုလ်ပြုကြမှာလို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ ကိုမင်းမြတ်ဦးက “သံဃာတော်အပါး(၅ဝ) နှင့် သီလရှင် ဆရာကြီး /ဆရာလေး အပါး(၅ဝ) တို့ကို အလှူငွေက တစ်သိန်း၊ သင်္ကန်း ပရိက္ခရာ အစုံအလင်နဲ့ လှူဒါန်းပူဇော်သွားမှာပါ။ နောက်ပြီး တောင်ရိုးပေါ်က ပျက်စီး စေတီ ပုထိုးတော်တွေ ပြုပြင်ဖို့အတွက်လည်း ကျပ်သိန်းငါးဆယ် လှူဒါန်းသွားဖို့ ပြင်ဆင်ထားပါတယ်။ ဆွမ်းဦးပုညရှင် စေတီတော်ဆိုရင် အကုန်ဖြိုဖျက်ပြီး ပြန်လည်တည်ဆောက်ရတော့မှာပါ။ သာသနာရဲ့ ရှေးဟောင်း အမွေအနှစ် လက်ရာတွေမို့လည်း အင်မတန်နှမြော ဝမ်းနည်းရပါတယ်” လို့ MT News ကို ပြောပါတယ်။
စစ်ကိုင်းတောင်ရိုးရှိ ငလျင်ကြောင့် ပြိုကျလို့ ဖြိုချထားရတဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့ ငွေအားအပြင် လုပ်အားဒါန၊ လူအင်အားတွေလည်း များစွာလိုအပ်နေပြီး မိုးမကျမီ ဓာတ်တော်မွေတော်တွေ တင့်တယ်လုံခြုံစွာစံမြန်းနိုင်ရေး ယာယီ အဆောင်တွေ အမြန်ဆောက်လုပ်ကာ အပူဇော်ခံမှာလို့လည်း သိရပါတယ်။
ပုံစာ။ ငလျင်ဘေးတွင် ပျက်စီးထိခိုက်ခဲ့သော ဆွမ်းဦးပုညရှင်စေတီဝန်းအတွင်း မြင်ကွင်း။



