
၂၆.၄. ၂၀၂၅
Translated by Thettant
ထိုင်းအမျိုးသားနှစ်ဦးသည် ၎င်းတို့ အိမ်နီးချင်း၏ ချွမ်ဖူးအမည်ရှိသော ခွေးလေးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် အသားများကို ခွေးသားခြောက်အဖြစ် အခြောက်လှမ်းကာ စားသုံးမှုပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် လူထုအတွင်း ဒေါသူပုန်ထမှုများစွာ ဖြစ်ပေါ်လာစေခဲ့သည်။
စက္ကရီယိုပြည်နယ်၊ အာရန်ယာပရာသက်ခရိုင်တွင် ဖြစ်ပွားခဲ့သော ယင်းကြောက်မက်ဖွယ်ရာဖြစ်ရပ်သည် ဒေသခံအသိုင်းအဝိုင်းကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။ သံသယရှိသူများဖြစ်သော အသက် ၆၈ နှစ်အရွယ် ဆဝါအမ်းနှင့် အသက် ၅၆ နှစ်အရွယ် ပရာဆစ်တို့ကို ခွေးပိုင်ရှင်၏ တိုင်ကြားမှုကြောင့် သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။
တိရစ္ဆာန်ညှဉ်းပန်းမှုသည် ထောင်ဒဏ် ၂ နှစ်၊ ဘတ် ၄၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် နှစ်မျိုးလုံး ပြစ်ဒဏ်ချမှတ်နိုင်သည့် ပြင်းထန်သော ပြစ်မှုဖြစ်သည်။ ပြန်လည်တောင်းပန်ရန် ကြိုးပမ်းသည့်အနေဖြင့် ဆဝါအမ်းနှင့် ပရာဆစ်တို့သည် ယင်း တို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အတွက် ခွေးပိုင်ရှင်အား လျော်ကြေးအဖြစ် ဘတ် ၅၀,၀၀၀ ပေးရန် သဘောတူခဲ့သည်။
ပြစ်မှုကို ဝန်ခံခဲ့သည့် တရားခံအမျိုးသားနှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ၎င်းတို့၏ အမှုကို စက္ကရီယိုပြည်နယ် တရားရုံးတွင် ကြားနာမည်ဖြစ်သည်။
ယင်း ကြောက်မက်ဖွယ်ရာလုပ်ရပ်သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရပြီး လူအများအပြားက တိရစ္ဆာန်ညှဉ်းပန်းမှုအတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် တောင်းဆိုခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဒေသတွင်း တိရစ္ဆာန်ညှဉ်းပန်းမှုပြဿနာကို အာရုံစိုက်လာစေခဲ့သော အပြစ်မဲ့ခွေးလေးအတွက် တရားမျှတမှုရရှိစေရန် အဓိကထား ဆောင်ရွက်လျက်ရှိသည်။
ယင်းအမှုသည် တိရစ္ဆာန်များကို ဆက်ဆံပုံနှင့် ထိုင်းဥပဒေအောက်ရှိ ယင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် ပြစ်ဒဏ်များအကြောင်း အရေးကြီးသော မေးခွန်းများစွာကို မေးမြန်းလာစေရန် မျှော်လင့်ရသည်။
အလားတူ သတင်းများတွင် ချွန်ဘူရီပြည်နယ် မူအမ်းခရိုင်၌ အော့နှလုံးနာစရာကောင်းသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသည် ခွေးကလေးတစ်ကောင်ကို မြေသြဇာအိတ်ထဲသို့ ထည့်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်၍ သေဆုံးစေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ယင်း၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို စိုးရိမ်သော နိုင်ငံသားတစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပြီး ယင်းအမျိုးသားသည် ရာဇဝတ်မှုမကျူးလွန်မီ ဟောင်နေသော ခွေးများနှင့်အတူ လမ်းကြားတစ်ခုသို့ ဝင်သွားသည်ကို ပြသခဲ့သည်။ ထရီကူနာသမ်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးနှင့် ၎င်း၏အဖွဲ့သည် ကျူးလွန်သူကို စစ်ဆေး မေးမြန်းသောအခါ ပြန်လည်ဖြေဆိုမှုမရှိသဖြင့် ကျူးလွန်သူကို အရေးယူနိုင်ရန် ကြိုးပမ်းမှုအဖြစ် တရားခံကို ထိန်းသိမ်းခဲ့သည်ဟုလည်း သိရသည်။
Ref, The Thaiger
