
၂၅.၄.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသအတွင်းရှိ ဘရာမန်ဘာရီယားခရိုင်၏ အက်ကောရာနယ်စပ်တစ်လျှောက် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(BSF) ၏ပစ်ခတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဧပြီလ ၂၅ ရက် သတင်းများက ဖော်ပြခဲ့ကြသည်။
အဖြစ်အပျက်က ဧပြီလ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် အက်ကောရာမြို့နယ်၊ အစ်နာကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသည့် အသက်၂၈ နှစ်ရှိ အဆာဒူလ် အစ္စလမ်ကို ဆေးရုံတင်ပို့ ဆေးကုသခံထားရသည်ဟုလည်း သိရသည်။
ဒေသခံပြည်သူများ၊ အက်ကောရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ ၏ပြောကြားချက်များအရ အဆာဒူလ် အစ္စလမ်က အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့များ ကင်းလှည့်နေချိန် နံနက် ၁၁ နာရီတွင် မြစ်တစ်ခုကိုဖြတ်၍ အိန္ဒိယပိုင်နက်အတွင်းသို့ ခန့်မှန်း ကိုက် ၁၀၀ ခန့်အထိ ဝင်ရောက်လာခဲ့ရာ ၎င်းအားသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာများရခဲ့သည်ဟု သိရသည်။
ဒေသခံများက ၎င်းကိုကယ်ဆယ်ခဲ့ကြပြီး ဘရာမန်ဘာရီယားခရိုင်အတွင်း ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တင်ပို့ခဲ့ကြသည်ဟုလည်း သတင်းများကဆိုခဲ့သည်။ သို့သော် အက်ကောရာမြို့နယ်ကျန်းမာရေးဌာနနှင့် ဘရာမန်ဘာရီယားခရိုင် အထွေထွေဆေးရုံကြီးတို့ကပါ မည်သည့်လူနာမှတက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားခြင်းမရှိချေ။
အက်ကောရာမြို့နယ် ကျန်းမာရေးအရာရှိဒေါက်တာ ဟီမယ်လ်ခန်းက “လူနာတွေအများကြီးဆေးရုံမှာ လာတက်ကြတာရှိပေမယ့် ဒီနာမည်နဲ့တော့ လူနာတစ်ယောက်မှမရှိဘူး” လို့ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရင်း အမှတ် ၆၀ တပ်ရင်းမှူး ဇီအူရာ ရာမန်က ဒဏ်ရာရခဲ့သူကို ၎င်း၏ နေအိမ်တွင်လည်း မတွေ့ရကြောင်း၊ ၎င်းက အိန္ဒိယပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့များ၏ ပစ်ခတ်မှုခံရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
Ref- Dhaka Tribune