
၂၆ .၄ .၂၀၂၅
Written by Thiri
မတ်လ ၂၈ ရက်နေ့က လှူပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကနေ ဖြစ်ပေါ်လာတဲ့ မြေပြင်တစ်လျှောက် ကီလိုမီတာ ၅၀၀ ခန့်ရှည်လျားတဲ့ အက်ကွဲကြောင်းကြီးရဲ့ နောက်ကို မိုးမကျခင်၊ မြေပုံစံ အပြောင်းအလဲ မရှိခင်၊ ပြန်လည်ပြုပြင်ခြင်း မရှိခင် သုတေသနပြု မှတ်တမ်းရယူနိုင်ဖို့ TBSM (The Spirit of Brotherhood Mission) အဖွဲ့ က မြေပြင်ကွင်းဆင်းလေ့လာမှတ်တမ်းတင်နေပါတယ်။
သူတို့အဖွဲ့ အခုလိုမှတ်တမ်းတင်နေရတဲ့ ရည်ရွယ်ချက်က Surface rupture ရဲ့ နေရာအတော်များများနဲ့ Geo reference အရင်လုပ်ထားရင် အချိန်ပေးလေ့လာရတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေအတွက် Open source အနေနဲ့ ရယူပြီး သုတေသနပြု၊ တိုင်းတာမှုပြုလိုတဲ့နေရာ၊ လမ်းတွေကို အလွယ်ရယူနိုင်မှာဖြစ်တာကြောင့်လို့ ဆိုပါတယ်။
အဆိုပါ TBSM (The Spirit of Brotherhood Mission) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေသူ မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်တွေ စောင့်ကြည့်လေလ့လာသူ ဦးဝင်းနိုင်က “နှစ် ၁၀၀ လောက်နေမှ ငလျင်ကြီးလှုပ်တယ်။ လူတွေလည်း စိတ်ဝင်စားလာကြတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာထိုင်နေတဲ့ ကျွန်တော်တို့နိုင်ငံက မြို့တွေ ငလျင်ဒဏ်ထပ်ခံရနိုင်သေးတဲ့အကြောင်းအရင်း အများကြီးရှိနေတုန်းပဲ။ အဲ့ဒီအတွက် ငလျင်ပညာရှင်တွေပါ ပါတဲ့အဖွဲ့နဲ့ သုတေသနလုပ်ငန်း အကြီးကြီး လုပ်ဖို့လိုတယ်။ မြေပြင်အက်ကွဲကြောင်းအချက်အလက်တွေလိုက်ကောက်နေတာ အဲ့ဒါရဲ့ အစိတ်အပိုင်းတခုပါပဲ “လို့ လုပ်ဆောင်ရတဲ့ အခြေအနေကိုရှင်းပြပါတယ်။
ငွေကြေးအကုန်ကျခံနိုင်ရင် ဒီလိုအချက်အလက်တွေက Satellites ကနေ ရယူလို့ ရနိုင်သလို၊ Space ကနေ ကင်းထောက်လေ့လာလို့ရပြီး NASA ရော၊ တရုတ်ကပါ အသေးစိတ်ပုံတွေ ရိုက်ခဲ့ယူပြီးဖြစ်ကာ ဒီလို အချက်အလက်တွေကို မြန်မာနိုင်ငံကပညာရှင်တွေအနေနဲ့ မရရှိနိုင်တာကြောင့် အခုလို မြေပြင်အက်ကွဲကြောင်းနဲ့ မြေအောက် အက်ကွဲကြောင်းတွေကို လိုက်ကြည့်ပြီး ဂြိုဟ်တုပုံတွေက ရတဲ့ Surface rupture တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ မှတ်တမ်းလုပ်ထားတာလို့လည်း Psc -Myanmar off road မှ တာဝန်ရှိသူက လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရှင်းပြထားပါတယ်။
မြေပြင်မှာကြည့်တဲ့သူတွေက Record လုပ်ပေးတဲ့ Rupture တွေရဲ့ မှတ်တမ်းတင်ထားတဲ့ Direction အရ ဒီလို ငလျင်ကနေ ဖြစ်ပေါ်လာတဲ့ အဖျက်စွမ်းအားဖြစ်စေတဲ့လှိုင်းတွေ ဘယ်နေရာမှာဘယ်လောက်ပြင်းပြင်းဖြတ်သွားပြီး ဘယ်လောက်အထိ ပျက်စီးမှုဖြစ်စေနိုင်တယ်ဆိုတဲ့ Report တစ်ခု ရရှိလာနိုင်မယ်လို့ သိရပါတယ်။
“ဒီတစ်ခုမှာတော့ မတတ်နိုင်တော့ပေမဲ့ နောက်နှစ်တွေအတွက် ငလျင်တိုင်းတာရေးစက်ကိရိယာတွေပါ လိုအပ်တဲ့နေရာတွေမှာ တပ်ဆင်ပြီး မြေပြင်အောက်ထဲက ငလျင်လှိုင်းလှုပ်ရှားမှုတွေ ထောက်လှမ်းနိုင်ဖို့ လုပ်ပါမယ်။ ငလျင်တိုင်းတာရေးစက်တွေထိုင်ဖို့ဆိုတာ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ကိုထင်ကျော်(TBSM) ကတော့ မြေပြင်အခြေအတွေ Data လိုက်ကောက်နေတဲ့သဘောပါ။ GIS (Geographic Information System) ပေါ်မှာတောင် အကုန်မတက်နိုင်သေးပါ” လို့ မိုးလေဝသနဲ့ ရာသီဥတုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MT News က ဆက်သွယ်မေးမြန်းတာကို ရှင်းပြပါတယ်။
ပြင်းအားမြင့် ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ နေအိမ်တိုက်တာအဆောက်အဦ ဘာသာရေးအဆောက်အဦပေါင်း ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ ဦးရေ ၃၀၀၀ ကျော် ရှိခဲ့ပါတယ်။



