၂၄. ၁. ၂၀၂၃
Written By Thandar
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ရဲ့ ဒီနေ့ကျရောက်တဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့မှာ ပကာသနမပါတဲ့ ရိုးရှင်းပြီး တကယ်လိုအပ်တဲ့ နေရာတွေမှာ အလှူတွေလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ အသက် ၃၉ နှစ်ပြည့်မွေးနေ့အတွက် ပကာသနမပါတဲ့ ရိုးရှင်းပြီး တကယ်လိုအပ်တဲ့ အလှူတွေပဲ ပြုလုပ်ဖြစ်ပါတယ်။ မွေးနေ့မှာ လက်ခံထားမိတဲ့အလုပ်တွေ ရှိနေတာမို့ လှူချင်တဲ့အလှူတွေများလို့ မွေးနေ့မတိုင်ခင် ၃ ရက်လောက်ထဲက လှူခဲ့ပါတယ်။ နှိုင်းယှဥ်ရဲ့ မွေးနေ့မှာ အလှူတွေလုပ်ရလို့လည်း ပီတိဖြစ်ရပါတယ်”လို့ နှိုင်းယှဥ်မြင့်မိုရ်က ပြောပါတယ်။
သူမမွေးနေ့မှာ သူမဘဝရဲ့အရေးကြီးဆုံးဖြစ်တဲ့ မွေးခဲ့ကျွေးခဲ့တဲ့ ပထမဆုံး ကျေးဇူးရှင် အမေနဲ့အဖေကို ဆန် ၊ ဆီ စတာတွေနဲ့ ဦးစွာကန်တော့ခဲ့ပြီး ရန်ကုန်မြို့ သန်လျင်မြို့နယ်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အသိအမှတ်ပြု ပထမအဆင့် လုမ္ဗိနီဘိုးဘွားရိပ်သာမှာလည်း ကျပ် ၂ သိန်းလှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် နဂါးရစ်တောင်ဘုန်းဘုန်းကို အလှူငွေ ကျပ် ၅ သိန်း လှူဒါန်းမှုအပြင် Golden Heart Animals Rescue Yangon က တိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးအကောင်ရေ ၇၅၀၊ ကြောင် ၁၅၀၊ နွား ၉ ကောင်နဲ့ ဝက် ၇ ကောင် အပြင် ဆိတ် ၁ ကောင်အတွက်လည်း တစ်နပ်စာ အာဟာရ အလှူလုပ်ခဲ့သလို ဗောဓိရှစ်သောင်းလေးထောင်ကျောင်းအတွက် စေတီတစ်ဆူ ကျပ် ၁၈ သိန်း၊ လှည်းကူး ဧမာနွေလ မိဘမဲ့ကျောင်းအတွက် အဟာရယတစ်နပ်စာအလှူ၊ မျက်လုံးတစ်ဖက် မမြင်ရသူတွေကိုလည်း မျက်လုံးတု တစ်ဖက်ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းမှာ ပန်းရောင်းနေတဲ့ ကလေးလူကြီး၊ အမှိုက်သိမ်းဝန်ထမ်း၊ ဆိုက္ကားဆရာကြီးတွေအတွက်လည်း ကြက်ဆီထမင်း ၅၀ နဲ့ အသင့်စားထမင်းဘူး ၁၀၀ ကိုလည်း လှူဒါန်းခဲ့သလို အရှေ့ဒဂုံ ကျီစုသုသာန်အနီးက ရပ်ကွက် ၅ ခုလောက်မှာလည်း လူပေါင်း ၈၀၀ ကျော်အတွက် အာဟာရ တစ်နပ်စာ ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။