
၂၆.၄. ၂၀၂၅
Translated by Thettant
ရန်ကုန်ကနေ ထိုင်းနိုင်ငံကို မြန်မာကျပ်ငွေ ကျပ် သိန်း ၁၁၀ ကျော်နီးပါး ကျသင့်တဲ့ လူတစ်ဦး ဘတ် ၈၅၀၀၀ ပေးပြီး တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၉ ဦးကို ဧပြီ ၂၅ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ Khaosod သတင်းဌာနက သောကြာနေ့မှာ သတင်းဖော်ပြလာပါတယ်။
ကန်ချနဘူရီခရိုင် အဝေးပြေးရဲတပ်ဖွဲ့ဟာ မူအန်င်းခရိုင်၊ လတ်ယာခရိုင်ခွဲက၊ ဘန်လတ်ယာလမ်းဆုံကနေ စတင်ပြီး ကွေ့ယိုင်မြစ်ပေါ်တည်ဆောက်ထားတဲ့ နောင်ဘွာတံတားနားအထိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးကို ရင်တမမဖြစ်ဖွယ် လိုက်လံဖမ်းဆီးခဲ့တာပါ။ ထွက်ပြေးပေမဲ့ မလွတ်မြောက်တဲ့ ယာဉ်မောင်းဟာ နောက်ဆုံးမှာ ကွေ့ယိုင်မြစ်ကမ်းဘေး ကားကို ရေဆေးနေတဲ့ ဒေသခံတစ်ဦးရဲ့ကားကို ဝင်တိုက်မိပြီး တရားမဝင်မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ကားဟာ မြစ်ထဲကျသွားခဲ့ပါတယ်။
ယာဉ်မောင်းဟာ ကားပေါ်ကခုန်ဆင်းပြီး ကွေ့ယိုင်မြစ်ကို ကူးခတ်ထွက်ပြေးသွားခဲ့ပေမဲ့ ယာဥ်ပေါ်ပါလာတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးကို ကားပေါ် ပစ်ထားခဲ့တာကြောင့် ရဲအရာရှိတွေဟာ မြစ်ထဲက မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ပြီး စစ်ဆေးမေးမြန်းဖို့ မြို့နယ်ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေက သူတို့ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကဖြစ်ပြီး ဆန်ခလဘူရီခရိုင်နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံဆီ တရားမဝင် ဝင်ရောက်လာပြီး မှောင်ခိုကုန်ကူးသူတွေကို လူတစ်ဦး ဘတ် ၈၅,၀၀၀ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အရွယ်ရောက်သူအားလုံးကို ထိုင်းနိုင်ငံတော်အတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ခဲ့သလို ရေကူးပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး တရားစွဲဆိုနိုင်ဖို့အတွက် ဖမ်းဝရမ်းရယူဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။
သောကြာနေ့က ဖော်ပြတဲ့ ဒီဖြစ်စဥ်အတွက် တရားမဝင် ဖြတ်သန်းခဟာ ဘတ် ၈၅၀၀၀ လား၊ ဘတ် ၈၅၀၀ လားလို့ Khaosod သတင်းဌာနအောက် မေးမြန်းနေပေမဲ့ သတင်းဌာနဘက်က တုံ့ပြန်မှုမရှိသေးသလို Talk News Online မှာလည်း ဖမ်းမိတာဟာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကလေးတစ်ဦး၊ စုစုပေါင်း ၂၀ ဖမ်းမိတာလို့ တစ်ဦး ဘတ် ၈၅၀၀၀ လို့ ဖော်ပြခဲ့တာ တွေ့ရပေမဲ့ အခြားသတင်းဌာနတွေမှာ ဖြစ်စဥ်ဖော်ပြတာ မတွေ့ရသေးပါဘူး။ ဒီမှောင်ခိုကူးခဟာ ပုံမှန်စျေး ဘတ် ၈၅၀၀ နဲ့ ၂၀၀၀၀ လောက်ကြားပဲ ပေးရတတ်ပေမဲ့ ဖမ်းမိသူတွေဟာ ရန်ကုန်ကနေ လမ်းခရီးအဆင့်ဆင့်ဖြတ်သန်းပြီးမှ ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်တာမို့ ပုံမှန်အခြေအနေ မဟုတ်တာလည်း တွေ့ရပြီး ဒီဖြစ်စဥ်ကို MT News က ဆက်လက် စောင့်ကြည့်နေပါတယ်။


