၂၄. ၁.၂၀၂၃
Written by Ye Kyaw
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သည့် ပလက်ဝ-ဇိုရမ်ပူအထိ ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ပြန်လည် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်၊ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်ပေးမည့် ပလက်ဝ-ဇိုရမ်ပူအထိ ကားလမ်းဖောက်လုပ်ခြင်းစီမံကိန်းကို အခြေအနေအမျိုးမျိုးကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်ပြီး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပလက်ဝ-ဇိုရမ်ပူ ကားလမ်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ အိန္ဒိယနိုင်ငံ နယ်နိမိတ်အထိ ၁၀၉ ကီလိုမီတာ ရှည်လျား၍ ကားလမ်းအကျယ် ၂၇ ပေ ရှိသည်။ အဆိုပါစီမံကိန်းအား တင်ဒါရရှိထားသည့် ကုမ္ပဏီအနေဖြင့် ပလက်ဝ-ဇိုရမ်ပူ ကားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ငါးနှစ်အပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ ၄၀ ကီလိုမီတာအထိကို တစ်ကြောင်းထိုး မြေသားလမ်း ဖောက်လုပ် ဆောင်ရွက်သွားမည်ဖြစ်ကာ ယခုနှစ် ခွင့်ပြုမိန့်ရရှိထားသည့် စီမံကိန်းကို မိုးရာသီမရောက်မီ ၂၆ ကီလိုမီတာကျော် ပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါကားလမ်းဖောက်ရေးအတွက် မြန်မာနိုင်ငံသားများပိုင်ကုမ္ပဏီ ငါးခုက တင်ဒါရရှိထားပြီး အဆိုပါကုမ္ပဏီများမှာ K & DL ကုမ္ပဏီ၊ Su Htoo San ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Construction ကုမ္ပဏီ၊ Htet Shine Linn ကုမ္ပဏီတို့ဖြစ်သည်။
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ယခုဇန်နဝါရီလအတွင်းမှာလည်း ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိတွင် စစ်တွေဆိပ်ကမ်းသစ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်များအဓိကတင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။