
၂၅. ၄. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ရာ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကာ လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ် တို့ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၃ နာရီခွဲခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ခွဲစိတ်ကုသမှုများကို ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသ ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦး၊ ၂၀၂၄ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း လူနာ ၃ ဦးတို့အား အောင်မြင်စွာခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု နဝမအကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။