
၂၅.၄. ၂၀၂၅
Written by Thiri
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အိမ်တွေကို ပရဟိတ အသင်းတချို့ရဲ့ အကူအညီနဲ့ စစ်ကိုင်းမြို့ခံတွေ ဖယ်ရှားပြီးပေမယ့် ဖြိုထားတဲ့ အိမ်အပျက်အစီးတွေ ဖယ်ထုတ်ဖို့နဲ့ အိမ်ပြန်ဆောက်ဖို့အတွက် အလုပ်သမား၊ လက်သမား ရှာမရဖြစ်ကာ ရှားပါးနေကြောင်း စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
အိမ်ဖြိုဖျက်ထားတဲ့ ဝင်းခြံထဲက အပျက်အစီးအုတ်ပုံကို ပြန်မရှင်းနိုင်သေးသလို မိုးမကျခင် အိမ်ပြန်ဆောက်နိုင်ဖို့ မလွယ်ကူကြလို့ ဖြစ်သလို တဲထိုးနေကာ အကောင်းတိုင်းကျန်တဲ့ မြေစိုက်အိမ်တွေ အိမ်ငှားကာ ပစ္စည်း ပစ္စယ ရွေ့ပြောင်းထည့်ထားပြီး လူကတော့ အခုထိ လမ်းပေါ်အိပ်နေရဆဲလို့လည်း မင်းလမ်းမှာ နေထိုင်တဲ့ ကာတွန်းဆရာ ဦးဝင်းမြင့်(ကာတွန်းဝင်းမျင့်)က ဆိုပါတယ်။

“တိုက်နဲ့ တာနဲ့ နေရမှာကို လူတွေက စိတ်ဒဏ်ရာ ရသွားကြသလိုပဲ။ မနေချင်တော့ဘူး။ ပြိုတဲ့ အိမ်အချင်းချင်းမေးမြန်းဖြစ်ရင် ဘုတ်တိုင်နဲ့ ပျဉ်ထောင်၊ သွပ်မိုး ဒါပဲဆောက်မယ် ပေါ့။ ကျွန်တော့်အိမ်ကတော့ နှစ်ထပ်ကို နောက်ခြမ်းက မပြိုတဲ့အပိုင်းကို တစ်ထပ်ဖြိုချပြီး တစ်ထပ်မြေစိုက်ပုံစံပဲ ပြုပြင်ပြီးနေတော့ မယ်။ အခုထိတော့ ကိုယ်ထူကိုယ်ထ လုပ်နေတုန်း။ လက်သမားဆရာလည်း မရသေးဘူး” လို့ ဦးဝင်းမြင့်က ပြောပါတယ်။
စစ်ကိုင်းမြို့ရဲ့ စီးပွားရေးက မန္တလေးနဲ့ ဆက်စပ်နေတာမို့ အထူးသဖြင့် ပေါ်ပင် စီးပွားရေးများတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။ တည်းခိုခန်းလုပ်ငန်း၊ ကျောက်စိမ်းပုတီးနဲ့ သာသနာရေးနဲ့နွယ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်း ရွှေမင်းဝံ ရပ်ကွက်မှာ နေထိုင်တဲ့ မသင်းက” အမတို့နားက လူတွေဆို မြို့ပဲပြောင်းတော့မှာလိုလို၊ စစ်ကိုင်းက ငလျင်ကြောကြီးရှိနေလို့ မနေတော့ဘူးလိုလိုတွေနဲ့ ပြောကြ၊ ပြောင်းဖို့ ပြင်ဦးလွင်မှာ နေရာရှာကြနဲ့ လုပ်နေကြတာပဲ။ ဒီမှာ စီးပွားရေးလည်း မလုပ်ချင်တော့ဘူးပေါ့။ အဲ့လိုတွေ ညည်းကြတယ်။ စီးပွားကလည်း သူများတည်းခိုခန်းဆိုလည်း လိုက်လုပ်ကြ။ အဲ့ဒါမျိုးဆိုတော့ ဟိုလို လယ်ယာတွေလည်း မလုပ်ကြဘူး။ ပွဲရုံတွေက အစ မန္တလေးနဲ့ ချိတ်ဆက်ပြီးပဲ လုပ်ကြတာ။ စစ်ကိုင်းက အေးအေးဆေးဆေး နေချင်သူတွေ နေတဲ့ နေရာမျိုး” လို့ ဆိုပါတယ်။

ပြိုပျက်သွားတဲ့ အိမ်ခြေ အတော်များများက အခုဆိုရင် ပရဟိတအဖွဲ့က အိမ်လိုက်ဖြိုဖျက်ကာ ပြန်လည်တည်ဆောက်ပေးနေတဲ့ ဒေါ်အေသင်ကို ပရဟိတ အဖွဲ့က တည်ဆောက်ပေးတဲ့ အိမ်ပုံစံမျိုးလို တိုက်အိမ်ပြိုသွားသူတွေကလည်း မြေစိုက်အိမ်ပြန်ဆောက်ဖို့ပဲ ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။