



၂၅. ၄.၂၀၂၅
Written by Thettant
၈၅ ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့က ပြိုင်ပွဲကာလ နှစ်ရက်အတွင်း ရွှေတံဆိပ်လေးခု ဆွတ်ခူးခဲ့ပြီး အမျိုးသားမီတာ ၈၀၀ ပြိုင်ပွဲတွင် ရရှိခဲ့သည့် ရွှေတံဆိပ်ဆုမှာ ၃၂ ကြိမ်မြောက် ဆီးဂိမ်းစံချိန်ထက် သာလွန်ကောင်းမွန်ခဲ့သည်ဟု မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် Singapore SportsHub ၌ ကျင်းပခဲ့သည့် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲ၏ ၂၄ ရက်နေ့ ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ကြသော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုး မှ ရွှေတံဆိပ်အား ၄၇ ဒသမ ၃၈ မီတာဖြင့်လည်းကောင်း၊ အမျိုးသမီး ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင်မှ ရွှေတံဆိပ်အား (၅၉:၁၅.၆၀) ဖြင့် လည်းကောင်း၊ အမျိုးသား ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်ဇင်အောင်မှ ရွှေတံဆိပ်အား (၅၀:၃၆.၁၁)ဖြင့်လည်းကောင်း ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။




ထို့အတူ ယနေ့ ဧပြီလ ၂၅ ရက်တွင် ယှဥ်ပြိုင်သည့်အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် မြန်မာတာလတ်အပြေးသမား ဟိန်းထက်အောင်မှ (၁:၅၀.၅၉)ဖြင့် ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပြီး စံချိန်အားဖြင့် 32nd SEA Games ၏ ရွှေစံချိန် (၁:၅၂:၉၁) ထက် သာလွန် ကောင်းမွန်စွာ ဆွတ်ခူးရရှိခဲ့သဖြင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြုထားသည်။
၈၅ ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ဦးဆောင်ပြီး၊ ဦးတင့်ဝေ (နည်းပြ) နှင့် အားကစားသမားများဖြစ်သည့် ဟိန်းထက်အောင်(မီတာ ၈၀၀)၊ သန့်ဇင်အောင် (၁၀ ကီလိုမီတာ လမ်းလျှောက်)၊ ဝင်းဝင်းခိုင် (၁၀ ကိီလိုမီတာ လမ်းလျှောက်) နှင့် သွယ်သွယ်မိုး (ကြိုးတပ်သံလုံးပစ်) တို့သာ ထွက်ခွာယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သဖြင့် ပါဝင်သူကစားသမားအားလုံးက ကဏ္ဍအသီးသီးတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ကြခြင်းလည်း ဖြစ်သည်။