



၂၅. ၄.၂၀၂၅
Written by Thettant
မန္တလေးငလျင်ကြီး၏ဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ် အားကစားကွင်းအတွင်း အခမဲ့ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ယနေ့ သတင်း ထုတ်ပြန်သည်။
ယာယီဆေးရုံတွင် သောကြာနေ့မှလွဲ၍ နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကုသပေးနေသည်ဟု သိရကာ သားဖွားမီးယပ်၊ ဖျားနာ၊ ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာရေး၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် မျက်စိရောဂါများကို အခမဲ့ ကုသပေးနေသည်။
အဆိုပါ ဆေးရုံကို ဗိုလ်မှူးကြီး ဒေါက်တာ အာမက် ဖာဟန် အာမက် ဖော့ဒ် ဦးဆောင်သည့် အရာရှိ ၁၆ ဦးပါဝင်သော အဖွဲ့ဝင် ၆၉ ဦးက ဆေးကုပေးနေခြင်းဖြစ်ပြီး ကနဦးတွင် ၂ ပတ်ကြာ ဖွင့်လှစ်မည်ဟု သိရကာ ဒေသခံများ၏ လိုအပ်ချက်ပေါ်မူတည်၍ တစ်လအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။
မလေးရှားနိုင်ငံ၊ မလေးရှားတပ်မတော်နှင့် အရပ်ဘက် ဆေးပညာရှင်များ၊ ဆေးပစ္စည်းများ ပါဝင်သော မလေးရှားဘုရင့်လေတပ်မှ လေယာဉ် ၂ စင်းသည် ဧပြီလ ၁၈ ရက်နေ့တည်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေးနှင့်နေရာရှာဖွေမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများကြောင့် မတ်လ ၂၁ ရက်မှသာ စတင်ကုသပေးနိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။