
MT News
၂၅. ၄. ၂၀၂၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆို ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင် ၅ ဦးသည် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာခဲ့ပြီး ငလျင်အလွန် အရေးပေါ် ဆေးကုသရေးဆိုင်ရာ ညှိနှိုင်းမှုလုပ်ငန်းများနှင့် နည်းပညာထောက်ပံ့ရေးလုပ်ငန်းများကို ၁၄ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ဖျက်အား ၇ ဒသမ ၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီး ငလျင်အလွန် ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေး အခြေအနေများ ခက်ခဲလျက်ရှိသည်။ ထို့အပေါ် တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) သည် WHO ၏ အရေးပေါ် ညှိနှိုင်းလုပ်ဆောင်ပေးရန် တောင်းဆိုချက်အရ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်၊ အမျိုးသားကျန်းမာရေးကော်မရှင်၏ လမ်းညွှန်ချက်၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး၏ ညှိနှိုင်းမှု၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်ဗဟိုအစိုးရ ဆက်သွယ်ရေးရုံးနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရတို့၏ ပံ့ပိုးမှုတို့ဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ လာရောက်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ကျန်းမာရေးဗျူရိုမှ သိရှိရသည်။
ဆေးကုသရေးအဖွဲ့၏ ယခုအကြိမ် အဓိကတာဝန်များတွင် ငလျင်ဒဏ်သင့်ဒေသ ဆေးကုသရေး အရင်းအမြစ်လိုအပ်ချက်အား ကူညီခွဲခြမ်းစိပ်ဖြာပေး၍ အချက်အလက်များ ချိတ်ဆက်မှုလုပ်ငန်းစဉ်အား ကောင်းမွန်အောင်လုပ်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကုသပေးခြင်းနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစံနှုန်း အကြံပြုချက်များ ပေးခြင်း၊ မြန်မာနိုင်ငံက ကိုယ်ပိုင်ဆေးကုသရေးအဖွဲ့ ထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား အကဲဖြတ်၍ ၎င်း၏ အရေးပေါ်တုံ့ပြန်မှုစွမ်းရည်အား ကူညီမြှင့်တင်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။
“ယခုအကြိမ်တာဝန်က WHO နဲ့အတူ မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာဌာနနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံ ငလျင်အလွန် ဒေသခံပြည်သူများ ဆေးကုသရေးဆိုင်ရာ အာမခံပေးမှုနဲ့ သက်ဆိုင်ရာတုံ့ပြန်မှုလုပ်ငန်းများအတွက် ဖြစ်နိုင်ခြေရှိသောအစီအစဉ်များကို ဆွေးနွေးသုတေသနပြုဖို့ ဖြစ်ပါတယ်” ဟု ဆေးကုသရေးအဖွဲ့ ညှိနှိုင်းရေးမှူး၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဗျူရို နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ခယ်လျန့်က ပြောကြားခဲ့သည်။
ယင်းသည် မကာအိုက ပထမဆုံးအကြိမ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံက တာဝန်ယူမှုရှိသော နိုင်ငံကြီးအဖြစ် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးလုပ်ငန်းအတွက် အကျိုးထမ်းဆောင်ပေးမှုကိုလည်း ပေါ်လွင်စေကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ဆေးကုသရေးအဖွဲ့၏ ကုသရေးအဖွဲ့ခေါင်းဆောင်၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဗျူရို Conde S. Januário ဆေးရုံ အရေးပေါ်ကုသရေးဌာနမှ ဆရာဝန် ယန်ဖေ့ရီက ယခုအကြိမ်တာဝန်မှတစ်ဆင့် ဆေးကုသရေးအဖွဲ့သည် အခြားနိုင်ငံနှင့်ဒေသက ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုကဏ္ဍတွင် လက်တွေ့လုပ်ဆောင်မှုများကို နားလည်သိရှိနိုင်ပြီး မကာအိုဒေသတွင်း အများပြည်သူကျန်းမာရေးစနစ် တည်ဆောက်မှုအတွက် ဉာဏ်လမ်းစများရရှိလာနိုင်ကြောင်း၊ အနာဂတ် မကာအိုနှင့် အနီးတစ်ဝိုက် နိုင်ငံနှင့်ဒေသများအကြား ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန်အတွက်လည်း အခြေခံအုတ်မြစ်ချမှတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) သည် ၂၀၁၉ ခုနှစ်တွင် WHO ၏ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် အတူလိုက်ပါ လှုပ်ရှားသောအဖွဲ့ပုံစံဖြင့် တရုတ်နိုင်ငံ နိုင်ငံတော် အရေးပေါ်ဆေးကုသရေးနှင့် ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အယ်လ်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံသို့ သွားရောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။
Ref, Xinhua


