
MT News
၂၅ . ၄. ၂၀၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ နိုင်ငံပိုင် ရေနံပိုက်လိုင်းအား ဖောက်ထွင်းပြီး ရေနံများခိုးယူရန် ကြံစည်အားထုတ်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ဘုရားပေါ်သို့ အမျိုးသားနှစ်ဦး မသင်္ကာဖွယ် တက်ပြေးသွားကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုက်လံရှာဖွေစစ်ဆေးခဲ့ရာ အမှတ်(၅)ရွှေသူဌေးကုန်းရပ်ကွက်နေ ဇင်မင်းလတ်(ခ)ဗေကြီး(၃၃)နှစ်နှင့် အမှတ်(၅)မော့တန်းလျားရပ်ကွက်နေ ခန့်ညားအောင်(၂၅)နှစ်တို့ နှစ်ဦးအား ရေနံပိုက်လိုင်းအား ခိုးယူဖောက်ထွင်းရာတွင် အသုံးပြုသည့် လွန်တစ်ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိတရားခံတို့ကို စစ်မေးရာ ၎င်းတို့ နှစ်ဦးမှာ ၂၀၁၈ ခုနှစ်က ချောက်ရေနံမြေတွင် တူးဖော်အောင်မြင်ခဲ့ပြီး နေ့စဉ် ရေနံစိမ်း စည် ၅၀ ခန့်ထွက်ရှိသည့် ရေနံတွင်းအမှတ်(၁၂၀၅)၏ လက်တံလိုင်းအား ဖောက်ထွင်းခဲ့ကြောင်း သိရသဖြင့် ဇင်မင်းလတ်(ခ)ဗေကြီးနှင့် ခန့်ညားအောင်တို့ နှစ်ဦးအား ချောက်မြို့မရဲစခန်း(ပ)၂၂/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)/၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။