၂၄. ၁. ၂၀၂၃
Written by Nay Aung
မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ အဆင်ပြေစေရန်ရည်ရွယ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် အလုပ်လုပ်ခွင့်ပါမစ် အသစ်လျှောက်ထားမှုများကို မေ ၁၅ ရက်နေ့အထိ သက်တမ်းတိုးပေးသွားရန် စီစဉ်နေကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ ပတ်စ်ပို့ကို သက်တမ်းတိုးရန်အတွက် လက်ရှိအချိန်တွင် မြန်မာသံရုံး၌ လျှောက်ထား လုပ်ဆောင်နေဆဲဖြစ်ပြီး ထိုင်းအစိုးရကသတ်မှတ်ထားသော ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ဆုံးထားပြီး အလုပ်လုပ်ခွင့် ပါမစ် အသစ်လျှောက်ထားမှုများကို ပြုလုပ်ရန်သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရန် အလားအလာနည်းနေကြောင်း သတင်းအရင်းမြစ်တစ်ခုကဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ် အသစ်လျှောက်ထားရန် လိုအပ်သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းအနက် ၁၅ ရာခိုင်နှုန်းသာ ထိုင်းအစိုးရက သတ်မှတ်ထားသောရက်အတိုင်း အလုပ်လုပ်ခွင့်ပါမစ် အသစ်လျှောက်ထားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုး လျှောက်ထားနိုင်ရန် စောင့်ဆိုင်းလုပ်ကိုင်နေဆဲဖြစ်ပြီး ပတ်စ်ပို့သက်တမ်းတိုးရန် စီတန်းသော လူတန်းသည် ရှည်လျားလွန်းကြောင်း အဆိုပါသတင်းအရင်းမြစ်ကဆိုသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းမတိုးခင် ၎င်းတို့၏ သက်တမ်းကုန်ဆုံးတော့မည့် ပတ်စ်ပို့ကို ထပ်မံသက်တမ်းတိုးရန် လိုအပ်နေခြင်းကြောင့် မြန်မာသံရုံးတွင် စီတန်းလျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံသားတို့သည်လည်း အဆိုပါအခက်အခဲများကို ရင်ဆိုင်နေရပြီး ရွှေ့ပြောင်းအလုပ်သမားများက ဖေဖော်ဝါရီလနောက်ပိုင်းနှင့် မတ်လနောက်ပိုင်းမှသာ ၎င်းတို့၏ ပတ်စ်ပို့အသစ် ရရှိမည်ဟု မျှော်လင့်နေသည်။
ထို့အတွက်ကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးကော်မတီသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ အဆင်ပြေစေရန်ရည်ရွယ်ပြီး စည်းကမ်းများကို ဖြေလျော့ပေးသွားရန် စီစဉ်နေကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်အသစ်လျှောက်ထားခြင်းများကို နောက်ထပ် ရက်ပေါင်း ၉၀ ကျော်ကြာ သက်တမ်းထပ်မံတိုးပေးရန် စဉ်းစားနေသည့်အပြင် မေလ ၁၅ ရက်နေ့အထိ ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း သိရသည်။
ref- wochenblitz