
၂၅.၄.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဆာမွတ်ပရာခန်ပြည်နယ်အတွင်း မော်တော်ကားလမ်းတစ်ခုပေါ်မှာ အရေးပေါ်ရပ်နားယာဉ်ကြောတစ်ခုမှာ ခဏရပ်နေတဲ့ SUV ကားတစ်စီးရဲ့နောက်ပိုင်းကို နောက်တွဲယာဉ်ထရပ်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် ကားပေါ်လိုက်ပါလာသူတွေအနက် ရှစ်ဦးသေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဧပြီလ ၂၄ ရက်ညပိုင်းက ဖြစ်ခဲ့ရပါတယ်။ SUV ချက်ဗလက်ကားဟာ ထရပ်ကားက နောက်ဘက်မှဝင်တိုက်မိခဲ့တဲ့အရှိန်ကြောင့် ရပ်ထားတဲ့ တခြားထရပ်ကားတစ်စီးကိုပါ ဆက်လက်တိုက်မိကာ ထရပ်ကားနှစ်စီးနဲ့ ရှေ့နောက်တိုက်မိမှု ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အမှတ် ၇ လမ်းမကြီး၊ ဘန်ကောက်-ချောင်ဘူရီအဝေးပြေးလမ်းပေါ်မှာဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကို အဝေးပြေးရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေးသမားတွေဆီ ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ အကြောင်းကြားချက်ရောက်လာခဲ့ပါတယ်။
တာဝန်ရှိသူတွေက နိုင်လွန်ကတ္တရာတွေတင်လာတဲ့ အီဆူဇူးထရပ်ကားက SUV ချက်ဗလက်ကားကို ဝင်တိုက်ခဲ့တာကိုတွေ့ခဲ့ရပြီး ထရပ်ကားရှေ့ပိုင်းမှာလည်း ထိခိုက်ပျက်စီးကာ ထိုင်ခုံမှာ ပိတ်မိနေတဲ့ ထရပ်ကားယာဉ်မောင်း အသက် ၆၀ နှစ်ရှိ ဆာနီ ဒေ့ါတာကီယန်ကိုကယ်ထုတ်ကာ ဆေးရုံသို့ ပို့ခဲ့ကြရပါတယ်။
ချက်ဗလက်ကုမ္ပဏီထုတ် SUV အမျိုးအစား Captiva ကားကိုလည်း ပြင်းထန်စွာထိခိုက်ပျက်စီးပြီး အနီးမှာပဲတွေ့ခဲ့ကြပါတယ်။ ကားပေါ်မှာလူဆယ်ဦးပါတဲ့အနက် ရှစ်ဦးကတော့ နေရာမှာပဲသေဆုံးလျက်တွေ့ကြရပါတယ်။ သေဆုံးသူတွေမှာ ကလေးငယ်တွေလည်းပါပြီး သူတို့အားလုံးကမိသားစုဝင်တွေလည်း ဖြစ်ကြတယ်လို့ သိရပါတယ်။
အသက်ရှင်ဒဏ်ရာရကျန်ရစ်သူ မိန်းကလေးနှစ်ဦးက အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ရှိကြပြီး သူတို့မိသားစုက ဘန်ကောက်ကနေ ရာယွန်ပြည်နယ်ကို မိသားစုလိုက် ခရီးသွားထွက်လာကြတာလို့ ပြောခဲ့ကြပါတယ်။ သူတို့ ကားက ကလေးငယ်တစ်ဦးကိုရှောင်ဖို့ အရေးပေါ်ယာဉ်ကြောမှာ ခဏရပ်နေခိုက် ထရပ်ကားက ဝင်တိုက်ခဲ့တာလို့လည်း သူတို့ကပြောခဲ့ကြပါတယ်။
Ref- Bangkok Post


