
ပုံစာ။ လက်နက်ကိုင် ကိုယ်ကျိုးရှာနေသော NLD အမတ်ဟောင်းနှင့် NUG ၏ ပသုံးလုံးတို့ကို ပြည်သူများ ဆန္ဒပြနေစဥ် (Photo - CJ)
၂၅. ၄. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောလုပ်ကိုင်နေကြတဲ့ လက်နက်ကိုင် NLD အမတ်ဟောင်းနဲ့ NUG ရဲ့ ပသုံးလုံးတွေကို ဒေသခံတွေက မနေ့က ဧပြီလ ၂၄ ရက် ညနေပိုင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဘုတလင်မြို့နယ် လေးမြေရွာအနီးမှာ ချင်းတွင်းမြစ်ထဲ ရွှေမျောစီမံကိန်း လုပ်ကိုင်နေကြတဲ့အထဲ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးမြင့်ဟန်ထွန်းဆိုသူ ပါဝင်ပတ်သက်နေတာဖြစ်ပြီး NUG ရဲ့ ပသုံးလုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တိုင်းမှာ ဦးမြင့်ဟန်ထွန်းရဲ့ လူယုံတွေနဲ့ ဆွေမျိုးသားချင်းတွေချည်း ရှိနေတယ်လို့လည်း သိရပြီး ဘယ်သူကမှ တားမြစ်အရေးယူမပေးတာကြောင့် အခုလို ဆန္ဒပြကြတာလို့လည်း သိရပါတယ်။
“ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဟန်ထွန်း အလိုမရှိ”၊ “မြို့နယ်ကာကွယ်ရေး(ပ.က.ဖ) ဂျိုးပေါက် အလိုမရှိ”၊”မြို့နယ်လုံခြုံရေး(ပ.လ.ဖ) ကောင်းမြတ်ထွန်း(ခ)ကောင်းကောင်း အလိုမရှိ”၊ “မြို့နယ်ကာကွယ်ရေး(ပ.က.ဖ) ငကြွက် အလိုမရှိ” ၊ “မင်းတို့ဆီက လက်နက်တွေက ခရိုနီတွေကို ကာကွယ်ဖို့လား” ၊ “မြို့နယ်သယံဇာတ အောင်မြင့်အေး အလိုမရှိ”၊ “နိုင်ငံရေးအကြောင်းပြ စီးပွားရှာသူများ အလိုမရှိ”၊ “ဘုတလင်မြို့နယ် ပ.က.ဖ အလိုမရှိ- ပလဖ အလိုမရှိ”၊ “ဘုတလင်မြို့နယ် လေးမြေရွာ ရွှေမျောစီမံကိန်း အလိုမရှိ” စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆွဲပြီး NUG၊ NLD က တာဝန်ပေးထားတဲ့ လက်နက်ကိုင်အစုအဖွဲ့ရဲ့ တာဝန်ရှိသူအားလုံးကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပုံစာ။ လက်နက်ကိုင် ကိုယ်ကျိုးရှာနေသော NLD အမတ်ဟောင်းနှင့် NUG ၏ ပသုံးလုံးတို့ကို ပြည်သူများ ဆန္ဒပြနေစဥ် (Photo – CJ)








