
၂၅. ၄. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၃၅၇ သန်းကျော်ဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၈၂ သန်းကျော်ဖြင့် ဒုတိယအများဆုံးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၈၇ သန်းကျော်ဖြင့် တတိယအများဆုံး ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၁ သန်းကျော်၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၈ သန်းခွဲကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂ သန်းခွဲကျော်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ သုည ဒသမ ၅ သန်းကျော်ဖြင့် အသီးသီးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလျံအထိ ခွင့်ပြုပေးနိုင်ခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလတွင် ဒေါ်လာသန်း ၆၄၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်နှင့် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆၆၀ ကျော်သာ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် မတ်လကုန်ကုန်အထိ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၆ ဒသမ ၀၅၆ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။