
ယင်းစက်ရုံအနေဖြင့် ငလျင်လှုပ်ခတ်ပြီးချိန်မှ ယနေ့အထိ ဘိလပ်မြေတန်ချိန် ၆၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး စက်ရုံအထိုင်ဈေး တစ်အိတ် ကျပ် ၁၇,၀၀၀ ဖြင့် ရောင်းချပေးနေ
၂၅. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်)မှ တစ်ရက်လျှင် ဘိလပ်မြေတန်ချိန် ၅,၅၀၀ ထွက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံ၊ ကျောင်းများ ပြန်လည်ပြုပြင်ရေးအတွက် ဦးစားပေးရောင်းချပေးရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့တွင် အဆိုပါစက်ရုံသို့ သွားရောက်စစ်ဆေးစဉ် မှာကြားခဲ့သည်။
စက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေများကို ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများ၊ ကျောင်းများ ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးရောင်းချရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဘိလပ်မြေများများစွာလိုအပ်၍ စက်ရုံအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိရမည်ဖြစ်ကြောင်း မှာကြားသည်။
အပါချီဘိလပ်မြေစက်ရုံသည် တစ်နေ့လျှင် တန် ၄၀၀၀ နှင့် တန် ၁၅၀၀ လည်ပတ်ထုတ်လုပ်နိုင်သည့် လိုင်း(၂)လိုင်းတပ်ဆင်ထားရှိပြီး ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်မှ ၂၂ ရက်အထိ ကလင်ကာတန်ချိန် ၈၀,၀၀၀ ခန့်ထုတ်လုပ်ခဲ့ကြောင်း၊ ဘိလပ်မြေကြိတ်စက်ရုံကို ငလျင်လှုပ်ခတ်ပြီးချိန်တွင် သုံးနာရီခန့်ရပ်တန့်၍ စက်များကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ချိန်မှ စတင်လည်ပတ်ခဲ့ပြီး ဘိလပ်မြေတန်ချိန် ၆၀,၀၀၀ ထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
စက်ရုံမှထုတ်လုပ်သော ကလင်ကာများကို ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ရှိ ဘိလပ်မြေကြိတ်စက်ရုံများသို့ ပေးပို့၍ ဘိလပ်မြေများထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို စက်ရုံအထိုင်ဈေး တစ်အိပ်လျှင် ကျပ် ၁၇၀၀၀ နှုန်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအချိန်သည် ငလျင်ဘေးဒဏ်သင့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၊ အမိုး၊ အမိုးပြားစက်ရုံများ၊ အုတ်စက်ရုံများ၊ အထပ်သားစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။