
၂၅.၄.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ဧပြီလ ၂၄ ရက်က ဓားထိုးခံရလို့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး သေဆုံးခဲ့ရပြီး အခြားကျောင်းသားသုံးဦးလည်း ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေအနက် နှစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
ထိုအဖြစ်အပျက်က ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ နန်တီစ်မြို့က Notre-Dame-de-Toutes-Aides ပုဂ္ဂလိကကျောင်းမှာ ဧပြီလ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ဖြစ်ခဲ့တာပါ။
အကြမ်းဖက်တိုက်ခိုက်တဲ့သူကို ဆရာတစ်ယောက်က ထိန်းချုပ်မှုပြုခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့က နေရာမှာတင် ဖမ်းမိခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့သူကလည်း အသက် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦးဖြစ်ပြီး ဘာကြောင့် ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်ဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။
ကျောင်းကို ရဲတပ်ဖွဲ့နဲ့အတူ အရေးပေါ်တပ်ဖွဲ့ဝင်တွေသာမက စစ်တပ်အရာရှိတွေပါ ရောက်ရှိလာခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးမှုတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတွေက နေ့လယ်စာစားချိန်အတွက် ခေါင်းလောင်းသံမြည်ပြီးတဲ့နောက် ကျောင်းသားတွေဟာ ကျောင်းအတွင်းပြေးလွှားနေကြပြီး တချို့လည်း စာသင်ခန်းတွေထဲ ပိတ်လှောင်မိနေကြတယ်လို့ ပြောခဲ့ကြတယ်ဆိုတာ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဓားထိုးခံရတာနဲ့ ပတ်သက်နေတဲ့ကျောင်းသားတွေရဲ့ မိသားစုတွေကို အကြောင်းကြားခဲ့ပြီး ကျောင်းသူ ကျောင်းသားတွေကိုလည်း ကျောင်းအတွင်းမှာပဲနေကြဖို့ ပြောခဲ့ပါတယ်။ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီခွဲ(၁၃း၃၀ ဂျီအမ်တီ)ကစလို့ မိဘတွေလည်း အနီးအနားမှာစောင့်ဆိုင်းနေကြတာကြောင့် ကျောင်းသားတွေကို တစ်ဖြည်းဖြည်းပြန်လည်ထွက်ခွာခွင့်ပေးခဲ့ပါတယ်။
ဒီကျောင်းက ကျောင်းသား ၂,၀၀၀ ပတ်ဝန်းကျင်ရှိပြီး မူကြိုနေ့ကလေးထိန်းတန်းကနေ အထက်တန်း အထိ ဖွင့်လှစ်သင်ကြားပေးနေတာပါ။
Ref- Sky News, bbc


