၂၄. ၁. ၂၀၂၃
Written by Pan Ei
ကမ္ဘာကျော် “Squid Game” ဇာတ်လမ်းတွဲထဲမှာ နံပါတ်- ၁ ကစားသမားအဖြစ် အံ့အားသင့်ဖွယ် သရုပ်ဆောင်ချက်တွေနဲ့အတူ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ မင်းသား အိုယောင်ဆူး (Oh Young Soo)ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
တောင်ကိုရီးယားမီဒီယာ Star News ရဲ့ အစီရင်ခံစာအရ အိုယောင်ဆူးကို လာမယ့် ဖေဖော်ဝါရီ ၃ ရက်ကျရင် ဆူဝမ်ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။
အိုယောင်ဆူးဟာ ၂၀၁၇ ခုနှစ်တုန်းက အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ်ကို မသင့်လျော်စွာ ထိမိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဆိုပါ အမျိုးသမီးက ၂၀၂၁ ခုနှစ်မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပေမယ့် ရဲတပ်ဖွဲ့က သူ့ကို တရားရုံးဆီ မပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါ အမျိုးသမီးက ကန့်ကွက်စာတင်ခဲ့ပြီး ဆူဝမ်ခရိုင်အစိုးရရှေ့နေရုံးက သူမရဲ့ စွပ်စွဲချက်တွေကို ထပ်မံစုံစမ်းစစ်ဆေးခဲ့တာကြောင့် အိုယောင်ဆူးဟာ အခင်းဖြစ်ပွားပြီး ငါးနှစ်အကြာမှာ တရားခွင်ရှေ့မှောက်ရပ်တည်ရတော့မှာပဲ ဖြစ်ပါတယ်။
အိုယောင်ဆူးကို ၁၉၄၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိအသက် ၇၉ နှစ်ရှိပြီဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Netflix ရဲ့ “Squid Game” မှာ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့ဆုရရှိခဲ့တဲ့ ပထမဆုံးကိုးရီးယားမင်းသားလည်း ဖြစ်ပါတယ်။
Ref; Kbizoom