
၂၅.၄.၂၀၂၅
Written By Thandar
Canal + Myanmar FG နဲ့ FG Series Production တို့ ပူးပေါင်း စီစဉ်ရိုက်ကူးမယ့် မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ကံဆက်ကန်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကတော့ Canal + ရဲ့ TV မှာ Host လုပ်ပြီးမှ ဇာတ်လမ်းတွဲလေးပါဝင်ရတဲ့ ဆုံတွေ့မှုပါ။ Canal + ကထုတ်လုပ်တာမို့ Series တိုင်းက လူအင်အားကောင်းကောင်းနဲ့ ရိုက်ချက်တွေကြောင့် ပြသတာတွေ ထိရောက်မှုရှိတာမို့ လက်ခံရိုက်ဖြစ်တာပါ။ ဒါက Asia Channel လိုင်းဖြစ်တော့ ကိုယ့်ဇာတ်ကားတွေ နိုင်ငံတကာလိုင်းမှာလည်းတင်တာမို့ တကယ်လည်းရင်ခုန်တယ်။ ဇာတ်လမ်းကိုဖတ်ကြည့်ချိန်မှာလည်း ကောင်းတယ်။ MRTV-4 မျိုးဆက်သစ်လူငယ်တွေနဲ့ ပူးပေါင်းရိုက်ကူးမှာမို့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းတွဲဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက အိမ်ထောင်ရှင် မိသားစုဇာတ်လေးမှာပါဝင်ထားပါတယ်”လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်း လင်း၊ ယမင်းဖြိုးဝေတို့ကရေးသားပြီး ဒါရိုက်တာ ထွန်းထက်အာကာဗို၊ လက်ထောက်ဒါရိုက်တာ ကျော်မျိုးသူတို့က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ဆု၊ အကယ်ဒမီ အေးမြတ်သူ၊ ဟိန်းရတု၊ ဝိုင်းရွှေရည်၊ ဥဩသံသာ၊ နေဝန်း၊ မင်းမြတ်သုခ၊ ယု၊ လွန်း၊ ဝေယံထက်၊ သက်ထက်၊ ခန့်ကျော်ကောင်း၊ စိုင်းဇေယျ၊ ပန်ဆု၊ ရာဇာထွန်း၊ ပန်သုခ၊ နေနော်၊ အရိုင်း၊ ထူးသာ၊ ဂျိုကာ၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ ခင်မိုမိုအေး၊ ကလေးသရုပ်ဆောင် ရွှန်းလဲ့ဝတီနိုင်နဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
“ကံဆက်ကန်” (The Lake) ဇာတ်လမ်းတွဲကို လာမယ့် မေလဆန်းပိုင်းမှာ ပင်းတယဒေသဘက်မှာ စတင်ရိုက်ကူး ပုံဖော်သွားပြီး မကြာခင် Canal + ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
#ကျော်ဆု #အေးမြတ်သူ #KyawSu #AyeMyatThu #HeinYatu #WyneShweYi
#ကံဆက်ကန် #MyanmarActress #CanalPlus









