
၂၅.၄.၂၀၂၅
Written by Nay Moe
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် သားသည်မိခင် ချင်းအမျိုးသမီးအား ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် နှစ်ဦးက မုဒိန်းကျင့်ပြီး ချောင်းထဲ ရေနှစ်သတ်ရန်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုဖြစ်စဥ်မှာ မှန်ကန်ပါကြောင်း AA လက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဝန်ခံလိုက်သည်။
ပလက်ဝတွင် ချင်းကျောင်းသူပါမချန် မုဒိမ်းကျင့်နေသော ရခိုင် AA လက်နက်ကိုင်များကို GKO က ပထမအကြိမ် တောင်းဆိုစဥ် နှုတ်ဆိတ်နေခဲ့သော AA က ယခုဖြစ်စဥ်ကို တစ်လနီးပါး ဖုံးဖိထားသော်လည်း မုဒိမ်းကောင် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရန် GLOBAL KHUMI ORGANIZATION (GKO) က ထပ်မံ တောင်းဆိုလာအပြီးတွင် ခိုင်သုခက ဝန်ခံလာခြင်းလည်းဖြစ်သည်။
ခိုင်သုခက နိရဉ္ဧရယသတင်းဌာနကို AA ၏ မုဒိမ်းမှုများနှင့် ပတ်သက်၍ ဝန်ခံရာတွင် “ဒီမုဒိမ်းမှုကျူးလွန်တဲ့ ဖြစ်စဥ်ကတော့ ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ အချိန်မှာ ပလက်ဝမြို့နယ် စိမ်းစမ်းဝကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြစ်မှုဖြစ်တဲ့နေ့ကတည်းက ပြစ်မှုကျူးလွန်တဲ့ရဲဘော်နှစ်ယောက်ကို ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ အခုကတော့ သူတို့ကို ဆေးစစ်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စသည် တရားမျှတမှု ရရှိဖို့အတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတအောင် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဝန်ခံထားသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်က ပလက်ဝမြို့နယ်၊ စိမ်းစမ်းဝကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးအား AA အရာရှိအပါအဝင် AA လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦးက ယုတ်မာစွာ မုဒိမ်းကျင့်ပြီး ရေနှစ်သတ်ချိန် သွေးချင်းတော်စပ်သူတွေ့မြင်သောကြောင့် အသက်မသေခဲ့ရခြင်းလည်းဖြစ်ပြီး ယခုအချိန်အထိ ကျူးလွန်ခံရသူမှာ သေလုမြောပါးဒဏ်ရာဖြင့် ဆေးကုသနေရသော်လည်း AA အဖွဲ့က တောင်းပန်မှု၊ လျော်ကြေးပေးမှု၊ ပြုကျင့်ခံရသူအတွက် စိတ်ဒဏ်ရာကုစားပေးမှုများ ပြုလုပ်ထားခြင်းမရှိသလို စစ်ဆေးအရေးယူနေကြောင်းလည်း ပလက်ဝပြည်သူများသိအောင် ထုတ်ပြန်ပြောဆိုမှုမရှိချေ။