
၂၅. ၄. ၂၀၂၅
Translated by Tha Doe
ယနေ့ သောကြာနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ပရာချွုခီရီခန်ပြည်နယ်၊ ဟွာဟင်ခရိုင်၊ ဟွာဟင်လေဆိပ်အနီး ပင်လယ်ပြင်တွင် လေထီးခုန်သင်တန်းအတွက် ပြင်ဆင်သည့်အနေဖြင့် စမ်းသပ်ပျံသန်းနေသည့် ရဲတပ်ဖွဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က ကြေညာခဲ့သည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲဗိုလ်ချုပ်ကြီး အာချယွန် ခရိတ်သောင်ကလည်း အဆိုပါ ပျက်ကျမှုတွင် လေယာဉ်ပေါ်ပါ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးစလုံး သေဆုံးကြောင်း အတည်ပြုခဲ့သည်။
သေဆုံးသူများမှာ လေယာဥ်မှူးများဖြစ်သော ရဲမှူးကြီး ပရာထန် ခီယက်ခမ်၊ ဒုရဲမှူးကြီး ပန်သက် မနီဝါချီရန်ကူ၊ ဒုရဲမှူး ချာတူယောင် ဝပ်ထနာပရိုင်ဆန်နှင့်အင်ဂျင်နီယာရဲအုပ်ဖြစ်သော သနဝပ် မတ်ပရာဆတ်ဆွတ်၊ စက်ပြင်များဖြစ်သော ရဲတပ်ကြပ်ကြီး ပရာဝပ် ဖွန်ဟောင်ဆာနှင့် ရဲဒုတပ်ကြပ် ဂျီရာဝပ် မာ့ခ်ဆာခါတို့ဖြစ်ပြီး ဒုရဲမှူး ချာတူယောင် ဝပ်ထနာပရိုင်ဆန်မှာ ဆေးရုံရောက်မှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာချယွန်က မတော်တဆမှု၏ အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် လေယာဉ်ပျက်ကျသည့်နေရာမှ လေယာဉ်ပျက် အပိုင်းအစများနှင့် လေယာဉ်အချက်အလက် မှတ်တမ်းတင်စက် (Black box) အပါအဝင် သက်သေအထောက်အထားများကို စုဆောင်းနေပြီး တိကျသော နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများအတွက် လေကြောင်းကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တော်ဝင်ရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ်ကြီး ကစ်ရတ် ပန်ပက်သည် လေယာဉ်ပျက်ကျသည့်နေရာကို စစ်ဆေးရန် ပရာချွတ်ခီရီခန်ပြည်နယ်သို့ သွားရောက်နေသလို ကွယ်လွန်သူများ၏ မိသားစုများကို အပြည့်အဝ ထောက်ပံ့ကူညီရန်နှင့် ဂုဏ်သိက္ခာရှိသော ဈာပနအခမ်းအနားများ ကျင်းပပေးရန် ညွှန်ကြားထားသည်။ ထို့အပြင် အဖြစ်မှန်ကို ဖော်ထုတ်ရန်နှင့် အနာဂတ်တွင် ထိုကဲ့သို့သော ကြေကွဲဖွယ်အဖြစ်ဆိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် အမြန်ဆုံးနှင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်း ညွှန်ကြားခဲ့သည်။
Ref., The Nation Thailand



