
၂၅. ၄. ၂၀၂၅
Written by Nay Moe
ဗိုလ်မှူးတစ်ဦးပိုင်သည့်ကားကို မောင်းနှင်လာသည်ဆိုသော ပြည်သူ့စစ်ခေါင်းဆောင်နှင့် အမျိုးသမီးကို ပုပ္ပါး PDF အဖွဲ့က သတ်ဖြတ်လိုက်ပြီး ကားနှင့် ပါသမျှပစ္စည်းအကုန် လုယက်သိမ်းဆည်းလိုက်သည်ဟု ကျူးလွန်သည့် Popa Guerilla Force (PGF) အဖွဲ့က ဝန်ခံထားသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဖရဲသီးပို့သော သတင်းကို PDF ရ၍ ဧပြီ ၂၂ ရက်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မကွေးတိုင်း၊ မင်းဘူးမြို့နယ် ခလရ (၈၈) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ကိုယ်ပိုင်အမှတ် (၈၈၀၀၈) ဦးဌေးနိုင်ဆိုသူနှင့် အမျိုးသမီးတစ်ဦးတို့အား Popa Guerilla Force(PGF) အဖွဲ့မှ စောင့်ကြိုဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးရာ ဦးဌေးနိုင်နှင့် အမျိုးသမီးတို့မှာ ခုခံထွက်ပြေးမည် ကြိုးစားသဖြင့် နေရာတွင်ပင် ပစ်သတ်လိုက်သလို အဆိုပါ တိုက်ခိုက်မှုအတွင်း ၎င်းတို့မောင်းနှင်လာသော ဗိုလ်မှူးမင်းဝေ၏ကားတစ်စီးနှင့်အတူ ကာဘိုင်ကျည် (၇၉)တောင့်၊ ကျည်ဘောက်(၁)ဘောက်၊ ဗုံးသီးတစ်လုံး၊ Icon တစ်လုံး၊ ဓားတစ်ချောင်း၊ ဖုန်းလေးလုံးနှင့် ဝန်ထမ်းကတ်ဘက်တံဆိပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး PDF နှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ကျူးလွန်သည့် PGF ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။

