ဘိလပ်မြေကို ဝယ်ရင်းစျေးထက် အဆမတန်အမြတ်တင်ရောင်းချနေသည့်ဆိုင်များနှင့် မသမာသောနည်းဖြင့် အတုရောင်းချသောဆိုင်များကို စစ်ဆေး အရေးယူသည့်အပြင် အိမ်ဆောက်ပစ္စည်းများ အဆမတန်အမြတ်တင်ရောင်းသည့်ဆိုင်များပါ စစ်ဆေးနေ

MT News
၂၅. ၄. ၂၀၂၅
ဘိလပ်မြေကို ဝယ်ရင်းစျေးထက် အဆမတန်အမြတ်တင်ရောင်းချနေသည့်ဆိုင်များနှင့် မသမာသောနည်းဖြင့် အတုပြုလုပ် ရောင်းချသောဆိုင်များကို စစ်ဆေး အရေးယူထားကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနှင့် ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေဝယ်လိုအားမြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင် ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး ပစ္စည်းဆိုင်များကို တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။



နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုထောင် ၁ လုံးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၄ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်း ရောင်းချသည့် ကုမ္ပဏီ ၃ ခု တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိစစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၄ ဆိုင်တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၁၉ ဆိုင်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၃ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကို လည်းကောင်း ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ရာ စုစုပေါင်း ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ဆိုင်ကို စစ်ဆေးချက်တွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း ၁၀ % မှ ၁၅ % အထိအမြတ်ယူရောင်းချလျက်ရှိသည့် ၃၀ ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅%နှင့် အထက် အမြတ်ယူရောင်းချလျက်ရှိသော ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်တွင် ဖွင့်လှစ် ထားသည့် ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် ၈ ဦး တို့ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ဘိလပ်မြေလိုအပ်ချက်မြင့်မားနေချိန်တွင် Max Cement ကဲ့သို့စက်ရုံများက ဒိုင်စျေးဖြင့် လျှော့ချရောင်းချနေခြင်း၊ နိုင်ငံတော်က အများအပြားတင်သွင်းခွင့်ပြုထားခြင်းဖြင့် ဆောင်ရွက်ပေးနေသော်လည်း ဘိလပ်မြေများကို အဆမတန် အမြတ်တင်ရောင်းချမှုများနှင့် အတုရောင်းချမှုများကြောင့် စစ်ဆေးအရေးယူနေခြင်းဖြစ်သလို အိမ်ဆောက် ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။